မြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန် Base Line Data ကောက်ခံခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
မြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန် Base Line Data ကောက်ခံခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
EPN
မိုးညှင်း အောက်တိုဘာ ၁၄
- ကချင်ပြည်နယ် မိုးညှင်းမြို့တွင် အခြေခံလူတန်းစားများ၏စားဝတ်နေရေးစစ်တမ်း (BaseLine Data) ကောက်ခံခြင်းဆိုင်ရာသင်တန်းကို မြေပြင်အခြေအနေမှန်ကိုသိရှိနိုင်ရန် ကျောင်းသားလူငယ် များအား သင်ကြားပို့ချခဲ့ကြောင်း လူမှုအိမ်မက်ဖွံ့ဖြိုးတိုးတက်ရေး (Social Dream Development Orgnaization ) အဖွဲ့မှ သိရသည်။
- ဒေသတွင်းရှိ လူမှုစီးပွား စသည်တို့၏ မြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန်ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းစဉ်အတွက် Base Line Data က အခြေခံဖြစ်သည်ဟု အဆိုပါအဖွဲ့မှ Directorဒေါ်မြနန္ဒာက ပြောသည်။
- ''ဒေသတွင်းက စီးပွားရေး၊လူမှုရေး အခြေအနေတွေကို မြေပြင်အခြေအနေအမှန်အတိုင်း သိရှိနိုင်ဖို့ သုတေသနလုပ်ရာမှာ Base Line Data က အခြေခံဖြစ်ပါတယ်၊ လူတိုင်းလူတိုင်းမှာ ဖြစ်ချင်နေတဲ့ အိမ်မက်ကိုယ်စီ ရှိကြမှာပါ၊ သူတို့ရဲ့ အိမ်မက်တွေကို သိနိုင်ဖို့ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ စစ်တမ်းကောက်ရပါတယ်။ ဒီလိုစစ်တမ်း ကောက်ယူနိုင်ဖို့အတွက် သိထားရမှာဖြစ်တဲ့ Base Line Data ကောက်ခံခြင်းကို အဓိက သင်ကြားပေးတာပါ '' ဟု ဒေါ်မြနန္ဒာက ဆိုသည်။
- အဆိုပါသင်တန်းအား မိုးညှင်းမြို့ရှိသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေဖွံ့ဖြိုးရေးအသင်း( Natural Greening Development Association ) ၏ ဆက်သွယ်မှုဖြင့် SWISSAID မှ ကူညီပံ့ပိုးကာ လာရောက် သင်ကြားပေးခြင်း ဖြစ်ကြောင်း NGDA အတွင်းရေးမှူး ဒေါက်တာနုနုအောင်ထံမှ သိရသည်။
- ''သဘာဝကို အရင်းပြုပြီး လူမှုစီးပွား ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့အတွက် SWISSAID အဖွဲ့က အကူအညီပေးပါတယ်။ဒီသင်တန်းမှာတော့ NGDA အသင်းဝင် CF မိသားစုများရဲ့ အမျိုးသမီးနှင့် လူငယ်တို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Data ကောက်ယူခြင်းကို အဓိကထား သင်ကြားပေးပါတယ်'' ဟု ဒေါက်တာနုနုအောင်က ပြောသည်။
- မိုးညှင်းမြို့ စိမ်းရတနာမွန် တောင်ပိုင်းရပ်ကွက် သန္တိသုခဓမ္မာရုံတွင် အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ အထက်ပါသင်တန်းကို ပို့ချခဲ့ပြီး စစ်တမ်းကောက်ခြင်းသည် ကလေးများ၏ အနာဂတ်အတွက် လွန်စွာအရေးကြီးကြောင်း သင်တန်းဆရာ ဦးစိုင်မွန်က ပြောသည်။''စစ်တမ်းကောက်တာဟာ ကဏ္ဍပေါင်းစုံအတွက်အရေးကြီးပါတယ်။ ကလေးတွေရဲ့ အနာဂတ်အတွက်ဆို ပိုလို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ စရိုက်နှင့်အကြိုက်ကို သိထားနိုင်ပါမှ လမ်းညွှန်ထိန်းကျောင်းနိုင်ဖို့ လွယ်ကူမှာပါ။စန္ဒယား တီးတတ်ချင်တဲ့ကလေးကို ဘော့လုံးကန်ခိုင်းရင် မတိုးတက်နိုင်ဘူးပေါ့ဗျာ '' ဟု ဆရာစိုင်းမွန်က ဆိုသည်။
- အဆိုပါသင်တန်းသို့ မိုးညှင်းဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ ၂၄ ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များလက်ခံရယူခဲ့ကြကြောင်းနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုများအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သင်တန်းသားတစ်ဦးက ပြောကြောင်း သိရသည်။
- ''ကျွန်တော်သည်သင်တန်းကို လာတက်တာက သဘာဝပတ်ဝန်းကျင်ဂေဟစနစ်တွေ ကောင်းမွန်ဖို့ အတွက် အကျိုးပြုလိုတာကြောင့်ပါ။ ဒီသင်တန်းကနေ လူမှုဆက်ဆံပုံတွေ၊ ပြဿနာဖြေရှင်းနည်းတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းနည်းတွေ သိလာရပါတယ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့အတွက် ပါဝင်ဆောင်ရွက်သွားဖို့ဆန္ဒ ရှိပါတယ်''ဟု အသက် ၁၉နှစ်အရွယ်ပထမနှစ်သင်္ချာကျောင်းသားမောင်ဇော်ဇော်လင်းက ဆိုသည်။








Comments
Post a Comment