စစ်ရှောင်စခန်းရှိ ပြည်သူများကို အမြင်သစ်ပုံစံသစ်နှင့် ချဉ်းကပ်ကာ ကူညီထောက်ပံ့ ပေးရေးအပြင် သက်မွေးပညာများကို သင်တန်းပေးပို့ချ၍ ကူညီမှုပုံစံပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ပြော

စစ်ရှောင်စခန်းရှိ ပြည်သူများကို အမြင်သစ်ပုံစံသစ်နှင့် ချဉ်းကပ်ကာ ကူညီထောက်ပံ့ ပေးရေးအပြင် သက်မွေးပညာများကို သင်တန်းပေးပို့ချ၍ ကူညီမှုပုံစံပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ပြော

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄
  • ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လွန်ခဲ့သော(၅)နှစ်တာကာလအတွင်း ကူညီထောက်ပံ့ပေးရေး အစီအစဉ်များ ပြုလုပ်ပေးနေခဲ့သော်လည်း ယခုအခါ၌ စစ်ရှောင်စခန်းရှိ ပြည်သူများကို အမြင်သစ်ပုံစံသစ် နှင့် ချဉ်းကပ်ကာ ကူညီထောက်ပံ့ပေးရေးအပြင် သက်မွေးပညာများကို သင်တန်းပေးပို့ချ၍ ပြန်လည် ထူထောင်ရေးအတွက် အကူအညီရနိုင်မည် ဟု ယုံကြည်ပါကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ပြောကြားခဲ့သည်။
  • ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားရှိခိုးကျောင်းရှိ စစ်ရှောင်ပြည်သူများ၏ ဘဝနေထိုင်မှု အဆင်ပြေစေရေး ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယက္ကန်းစင်၊ ရဟတ်နှင့် ဆက်စပ်ပစ္စည်းများ ခန့်မှန်းသိန်း(၂၀)ခန့်တန်ဖိုးရှိသော ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ရက် နံနက်(၁၀)နာရီက အဆိုပါ စစ်ရှောင်စခန်း၌ ပေးအပ်ပွဲတွင်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
  •  “အခု ၂၀၁၁ခုနှစ်ကနေစပြီး တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ တကိုယ်တော်အကူအညီပေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးလူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနေပါတယ်။ နေရပ်ပြန်ရေးမသေချာသေးတဲ့ အချိန်မှာ အကူအညီပေးရေးအဖွဲ့တွေရဲ့ အာရုံစိုက်မှုဟာလည်း ကျဆင်းလာတယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ မိမိနေရပ်ကိုပြန်ကြမလား၊ နေရပ်ကိုတကယ်ပြန်လို့ရပြီလား၊ တကယ်နေရပ်ပြန်လို့ရပြီဆိုရင် ကျနော်တို့က နေရပ်ပြန်ရေးကို အင်တိုက်အားတိုက် ကူညီရမှာပါ။ ကူညီဖို့ကိုလည်း လက်တွေ့ဆောင်ရွက် နိုင်တဲ့ ကော်မတီလည်း ဖွဲ့ထားပြီးပါပြီ။ ကျနော်တို့က နေရပ်ပြန်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည် နေရာချထားရေး စတဲ့အလုပ်တွေကိုလုပ်ပေးရမှာဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဆက်လက်ပြောဆိုသည်။
  • ၂၀၁၆မှာစပြီး စခန်းနေပြည်သူများကို ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနှင့် အမြင်သစ်နဲ့ချဉ်းကပ် ဆောင်ရွက်နေပြီး ၂၀၁၆ကုန်ခါနီးမှာ အမြင်သစ်နဲ့ နည်းဗျူဟာပြောင်းလဲပြီးတော့ လုပ်ရတောမည်ဖြစ်ရာ (၅)နှစ်တာကာလအတွင်း ကူညီထောက်ပံ့ရေးအစား ပြန်လည်ထူထောင်ရေးအတွက် သက်မွေးပညာတွေ သက်မွေးသင်တန်းတွေကို ပေးနေခြင်းဖြစ်သည်။ ယခုအစီအစဉ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထောက်ပံ့မှုမှလုပ်ပေးနေခြင်းဖြစ်ရာ ယခုဆိုလျှင် တဖက်မှာ ကူညီထောက်ပံ့တာတွေ ပေးနေသလို တဖက် မှာ ပြန်လည်ထူထောင်ရေးကို ပြောင်းလဲနေခြင်းဖြစ်ကြောင်း သိရသည်။
  • “ကျနော်တို့ ဒီစခန်းမှာနေတဲ့အချိန်အတွင်း အိုးမကွာအိမ်မကွာ ဝင်ငွေတိုးလုပ်ငန်းက လုပ်နိုင်တဲ့ အခွင့်အရေးကို ပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်။ နောက်တခု အရေးကြီးတဲ့အချက်လေးတခုကို တောင်းဆိုချင်ပါတယ်။ ကျနော်တို့စခန်းမှာ ကျောင်းသူကျောင်းသားတွေများပါတယ်။ ဒီမှာ KG ကနေ တက္ကသိုလ်အထိကို (၃၈၀)ကျော်ရှိပါတယ်။ မိုင်းနားမှာကျောင်းသားများလို့ နေရာကျဉ်းလို့ လက်မခံနိုင်လို့ မန်ခိန် အ.ထ.က ကျောင်းမှာသွားတက်ရပါတယ်။ အဲ့ဒီအချိန်မှာ ဖြစ်နိုင်မယ်ဆိုရင် ကျောင်းသူကျောင်းသား တွေအတွက် ဖယ်ရီစီစဉ်ပေးနိုင်ရင် ရချင်ပါတယ်။ ယခင်ထဲက ကူညီပေးခဲ့မှုတွေအားလုံးအတွက်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။” ဟု မိုင်းနားစစ်ရှောင်စခန်း တာဝန်ခံ ဦးဂွမ်ဆိုင်း ကပြောသည်။
  • မိုင်းနား စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်း စစ်ရှောင်စခန်း၌ ယနေ့နံနက် (၁၀)နာရီက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလိရုံး ဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ယက္ကန်းစင်(၃)စင် (၁)စင်လျှင် (၃၇၀၀၀၀)ကျပ်၊ ရဟတ်လုံးကြီး(၁)လုံး (၆၅၀၀၀၀)ကျပ်၊ ချည်ချခုံ(၂)စုံ (၈၀၀၀၀)ကျပ် စုစုပေါင်း တန်ဖိုး သိန်း(၂၀)ဝန်းကျင်ခန့်ကို လူမှုရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဒေါ်ဂျေကော့ဘူ၊ ကချင်ပြည်နယ် လူမှုဝန်ထမ်း ညွှန်ကြားရေးမှူးဦးအောင်စိုးတို့က စခန်းနေပြည်သူများလက်သို့ပေးအပ်ခဲ့ကြောင်း သိရသည်။
  • ၄င်းပေးအပ်ပွဲ အခမ်းအနားကို ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဒေါ်ဂျေကော့ဘူ၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်တကွ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာဝန်ရှိသူများနှင့် စခန်းနေ မိဘပြည်သူများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
                                                             ဘရန်ဆိုင်း




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ