သိုက်ဝါးကုန်းကျေးရွာတွင် မူးယစ်ဆေးနှင့် မူးယစ်ဆေးရောင်းရငွေကျပ်(၂၂)သိန်းကျော် ဖမ်းဆီးရမိ
သိုက်ဝါးကုန်းကျေးရွာတွင် မူးယစ်ဆေးနှင့် မူးယစ်ဆေးရောင်းရငွေကျပ်(၂၂)သိန်းကျော် ဖမ်းဆီးရမိ
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၈
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောအုပ်စု သိုက်ဝါးကုန်းကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် အတူ မူးယစ်ဆေးဝါးရောင်းရငွေကျပ်(၂၂)သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ရက် ည(၈)နာရီခန့်ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းမြင့်အောင်တို့ကြီးကြပ်၍ မိုးကောင်းမြို့နယ် ပင်းဘောအုပ်စု သိုက်ဝါးကုန်းကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ မြို့နယ်နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များသည် သိုက်ဝါးကုန်းကျေးရွာ ဦးထွန်းမြင့်ဦးနေအိမ်အား ဝရမ်းနှင့် ဝင်ရောက်ရှာဖွေရာ ဦးထွန်းမြင့်ဦးနှင့် သုံးစွဲရန်လာရောက်သူ ဦးဇော်ဟိန်းတို့နှစ်ဦးကို ဘိန်းဖြူဟုယူဆ ရသော မူးယစ်ဆေး(၂)ဂရမ်နှင့် ဦးထွန်းမြင့်ဦး လွယ်အိတ်အတွင်းမှ မူးယစ်ဆေးရောင်းရငွေ ကျပ်(၂၂)သိန်း ကျော်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
- "ကျမတို့သွားဖမ်းတဲ့လူက သိုက်ဝါးကုန်းကျေးရွာမှာ မူးယစ်ဆေးရောင်းတာ လက်ကြီးလို့ ကျေးရွာသားတွေက သတင်းပေးလို့ ရဲမှူးကို အသိပေးပြီး အရပ်ဝတ်နဲ့သွားပြီး ညပိုင်းမှာတိတ်တဆိတ် ဝိုင်းဖမ်းလိုက်တာပါ။ ဒါတောင် မူးယစ်ဆေးထည့်ထားတဲ့ဗူးကို ခြံစည်းရိုးဘက် လွင့်ပစ်သေးတာ" ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံကပြောသည်။
- ပင်းဘောနယ်မြေရဲစခန်းမှ ယင်းတို့နှစ်ဦးကို မယ(ပ)၃၉/၂၀၁၇ မူး/စိတ်၁၅/၁၆(ဂ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှသိရသည်။



Comments
Post a Comment