မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး လူနာဆောင်နှင့် လူနာစားသောက်စရိတ် လိုအပ်နေ
မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး လူနာဆောင်နှင့် လူနာစားသောက်စရိတ် လိုအပ်နေ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆
- မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲဆေးရုံကြီးတွင် ဆေးရုံတက်လူနာများလာသောကြောင့် လူနာဆောင် များနှင့် လူနာစားသောက်စရိတ် လောက်ငှမှုမရှိကြောင်း မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာတင့်နိုင် ကပြောသည်။
- “အရင်နှစ်ကထက် လူနာတွေလည်း များလာတယ် နိုင်ငံတော်က လူနာအားလုံးအတွက် စားစရိတ် တစ်ရက်ကို၈၀၀ထောက်ပံ့ကြေးပေးတယ် မလောက်လို့ဆေးရုံလာတက်တဲ့လူနာတွေဆီက အလှူခံရတာ မျိုးရှိတယ် လူနာတစ်ယောက်ကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာတော့မရှိဘူး အနည်းဆုံး တစ်ယောက်ကို ၂သောင်းလောက်ဆီတော့ ထည့်ကျတယ် နိုင်ငံတော်ကို တိုးပြီးတောင်းဖို့တော့ အစီအစဉ် ရှိပါတယ်” ဟု ၎င်းကပြောသည်။
- အဆိုပါ မူးယစ်ဆေးစွဲ ရောဂါကုဆေးရုံကြီးတွင် မြစ်ကြီးနား၊ တာလောကြီး၊ ဝိုင်းမော်၊ ပင်လည်ဘူး ရွာမှ လူနာများ အများဆုံးဆေးရုံတက်ရောက် ကုသကြပြီး မူးယစ်ဆေး လာဖြတ် သူများကို ၂၅ရက် ကုသမှုပေးပြီး မက်သဒုံး(မူးယစ်အစားထိုးသောက်ဆေး)သောက်၍ ဆေးရုံတက် လာရောက်ကုသသူများကို ၁၄ရက်ခန့် ဆေးရုံတက် ကုသရသည်။
- “အဲ့ဒီအခန်းထဲမှာ လူ၂၂ယောက်လောက်ရှိမယ် အခန်းရဲ့ အလယ်မှာ ကုတင်အပိုနဲ့ နေရတယ် အလှူငွေခြောက်သောင်း ထည့်ရတယ် အာလူးအရည်ကျဲနဲ့ အသားတော့ကျွေးတယ် ဆန်နဲနဲညံ့ပြီး အိမ်သာအနံ့အသက် မကောင်းတာမျိုးတော့ရှိတယ်” ဟု သြဂုတ်လ အတွင်းက အခန်းနံပတ်၂တွင် တက်ရောက်ကုသခဲ့သော လူနာတစ်ဦးကပြောသည်။
- အဆိုပါ ဆေးရုံသည် လူနာများကို တစ်နေ့လျှင် နံနက်စာထမင်းကြော်နှင့် ထမင်းနှစ်နပ်ကျွေး ကြောင်း၊ ကုတင်၁၀၀ဆံ့ ဆေးရုံဖြစ်ပြီး လူနာ ၁၂ယောက်ဆံ့ အခန်း၅ခန်းသာရှိကာ လူနာ၇၀နှင့် ၁၂၄ယောက်အထိ လက်ခံရသည့် လများလည်းရှိ၍ လက်ရှိတွင် အမျိုးသမီး လူနာ၎ယောက်ခန့်သာ လက်ခံထားနိုင်ပြီး အမျိုးသမီးအဆောင်နှင့် ရေချိုးခန်းများ ထပ်မံတိုးချဲ့နိုင်ရန် ဌာနဆိုင်ရာများ ကိုတင်ပြတောင်းခံထားကြောင်း ဒေါက်တာတင့်နိုင်ကပြောသည်။

Comments
Post a Comment