အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပေါင်းစုံသင်္ချာထူးချွန်စာမေးပွဲစစ်ဆေး
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပေါင်းစုံသင်္ချာထူးချွန်စာမေးပွဲစစ်ဆေး
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၃
- မြစ်ကြီးနားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ်တွင် မြစ်ကြီးနားမြို့နယ်ရှိ ကျောင်းပေါင်းစုံမှ သင်္ချာထူးချွန်ကျောင်းသား/သူများကို စက်တင်ဘာ(၂၃)ရက် နံနက်(၉)နာရီက စာမေးပွဲစစ်ဆေးခဲ့ကြောင်းသိရသည်။
- “အခုဒီမှာလုပ်တဲ့စာမေးပွဲက မြစ်ကြီးနားမှာရှိတဲ့ ကျောင်းပေါင်းစုံကထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူတွေကိုရွေးချယ်ပြီး၊ ဒီမှာစစ်ဆေးတဲ့သဘောပါ။ ဒီကနေမှ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ပြီး ဆုရတဲ့ကလေးတွေကို မြို့နယ်ပေါင်းစုံအဆင့် မှာသွားပြိုင်ခိုင်းမယ်။ အဲ့ဒီကမှတဆင့် ပြည်နယ်နှင့် တိုင်း အဆင့် ထပ်ပြိုင်ရမယ်။ ဒါကြောင့် ဒီစာမေးပွဲက ထူးချွန်ကျောင်းသားရွေးချယ်တယ်လို့ ပြောရင်ရပါတယ်။ အခုကျောင်းပေါင်းစုံစစ်ဆေးတာကတော့ မြို့နယ်ပညာရေးမှူးရုံးက မေးခွန်းထုတ်တာပါ။ နောက်အဆင့် တွေကျရင်တော့ တက္ကသိုလ်ကဆရာ၊ ဆရာမတွေကမေးခွန်းထုတ်မယ်။ အဓိကရည်ရွယ်ချက်ကတော့ တကယ်တော်တဲ့တတ်တဲ့ သင်္ချာပညာရှင်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီးလုပ်ပေးတဲ့ ထူးချွန် စာမေးပွဲပါ။” ဟု အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေရွယ်အောင်က ပြောသည်။
- မြစ်ကြီးနားမြို့နယ်အတွင်း အစိုးရကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း မည်သည့်ကျောင်းမှ မဆို တန်းတူအခွင့်အရေးရရှိကာ သင်္ချာဘာသာရပ်၌ ထူးချွန်သော ကျောင်းသူ/သားများကို တစ်ကျောင်း လျှင် နှစ်ဦးကျစီ ရွေးချယ်စေလွှတ်ကာ ဖြေဆိုခွင့်ပေးထားကြောင်း၊ ၄င်းစာမေးပွဲမှ ထူးချွန်စွာဖြေဆို အောင်မြင်သော ဆုရကျောင်းသူ/သားများကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံအဆင့်သို့ ထပ်မံ စေလွှတ်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း၊ ၄င်းမြို့နယ်အဆင့်၌ ထူးချွန်သူများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဖြစ်သော ဗဟိုအဆင့်သို့ ထပ်မံရွေးချယ်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။
- “ဒီစာမေးပွဲမှာ ကျောင်းသူတွေကျောင်းသားတွေ အားလုံးကတန်းတူညီမျှပါပဲ။ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းဆိုပြီး ခွဲခြားထားတာမျိုး လုံးဝမရှိပါဘူး။ စာစစ်ဌာနရဲ့ စည်းမျဉ်းစည်းကမ်းဖြစ်တဲ့ လွတ်လပ်ရမယ်။ သမာသမတ်ရှိရမယ်။ စည်းကမ်းရှိရမယ်။ တရားမျှတမှုရှိရမယ်။ စာဖြေသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာနဲ့ သက်တောင့်သက်သာဖြေဆိုနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီကျမတို့ ဒီစာမေးပွဲကိုစစ်ဆေးသွားမှာပါ။ ဖြေနေတဲ့ ကျောင်းသားက (၇၈)ယောက်ရှိပါတယ်။ (၈)တန်းက (၁)ခန်း၊ (၉)တန်း(၁)ခန်း၊ (၁၀)တန်း (၁)ခန်းအားလုံး(၃)ခန်းမှာ စစ်ဆေးနေတာပါ။” ဟု အထက(၁) ကျောင်းအုပ် ဆရာမကြီးဒေါ်ကေရွယ်အောင် က ဆက်လက်ပြောကြားသည်။
- အဆိုပါ သင်္ချာဘာသာထူးချွန် စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ သုံးထပ်ကျောင်းဆောင်သစ် အပေါ်ဆုံးထပ်၌ (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းအတန်းသုံးတန်းကို (၁)ခန်း ကျစီဖြေဆိုစေပြီး ကြီးကြပ်ရေးမှူးအဖြစ် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေရွယ်အောင်မှ ဆောင်ရွက်ခဲ့ပြီး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူလတန်းကျောင်း များမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ရုံးအဖွဲ့များကဆောင်ရွက်ခဲ့ပြီး စုစုပေါင်း (၁၅)ဦးဖြင့် စောင့်ကြပ်ဖြေဆိုစေခဲ့ကြောင်းသိရသည်။
- စာမေးပွဲဖြေဆိုကြသော ကျောင်းသူ/သားများမှာ မြို့နယ်တွင်းရှိ ကျောင်းတိုင်းမှ သင်္ချာဘာသာ ထူးချွန်သော ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးကျစီ စေလွှတ်ကာ (၇၈)ဦးကို ဖြေဆိုစေခြင်းဖြစ်ပြီး မြို့နယ်ပညာရေးမှူးမှ ထုတ်သောမေးခွန်းများကိုဖြေဆိုကြရသည် ဟု ဆိုသည်။



Comments
Post a Comment