အစိုးရဝန်ထမ်းများအတွက် ဘူးဂါးလျှပ်စစ်မှ မီတာဆောင်ခြင်းကိစ္စကို သီးသန့်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ ဟု ဆို

အစိုးရဝန်ထမ်းများအတွက် ဘူးဂါးလျှပ်စစ်မှ မီတာဆောင်ခြင်းကိစ္စကို သီးသန့်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ ဟု ဆို

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၉
  • အစိုးရဝန်ထမ်းများအတွက် ဘူးဂါးလျှပ်စစ်မှ မီတာဆောင်ခြင်းကိစ္စကို သီးသန့်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ ဟု သိရသည်။
  • မြစ်ကြီးနားမြို့နယ်၌ အသုံးပြုလျှက်ရှိသော လျှပ်စစ်မီးကို ဘူးဂါးလျှပ်စစ် ဓါတ်အားပေးရေး ကုမ္ပဏီမှ တာဝန်ယူ၍ ဖြန့်ဖြူးပေးလျှက်ရှိရာ လျှပ်စစ်အသုံးပြုခမီတာဘေလ်များကို လစဉ်(၂၅)ရက်နေ့ နောက်ဆုံးထားပေးဆောင်ရပြီး ၄င်းနေ့ကျော်လွန်မှ မီတာလာရောက်ပေးဆောင်သူများအနေနှင့် ရက်လွန်ကြေးအဖြစ် ဒဏ်ကြေးငွေ(၂၀၀၀)ကျပ်ကို ပေးဆောင်ရကြောင်းသိရသည်။
  • အစိုးရဝန်ထမ်းများ၏ လစာသည် လကုန်ရက်မှသာရရှိကြသဖြင့် (၂၅)ရက်နေ့၌ မီတာမဆောင်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး၊ လစဉ်တိုင်းလိုလို၌ ဒဏ်ကြေးငွေ(၂၀၀၀)ကျပ်ကိုပေးဆောင် နေကြရသည်ဟုသိရသည်။
  • “ကျမတို့က အစိုးရဝန်ထမ်းတွေဆိုတော့ လကုန်ရက်မှ လစာကရတာ၊ ဘူးဂါးက (၂၅)ရက်နေ့ နောက်ဆုံးမီတာဆောင်ရတာဆိုတော့ အဆင်မပြေတာတော့ အမှန်ပါပဲ။ (၂၅)ရက်မပြောနဲ့ ရက်(၂၀)ကျော်ရင်ကို ပိုက်ဆံကပြတ်နေပြီ။ လတိုင်းလိုလို ဒဏ်ကြေးဆောင်နေရတယ်။ ဘူးဂါးလျှပ်စစ် အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ အခြားလခစားဝန်ထမ်းတွေအတွက် တခုခုစီစဉ်ပေးရင်တော့ ကောင်းမှာပေါ့။” ဟု အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်လုဘော် ကပြောသည်။
  • အစိုးရဝန်ထမ်းများ၌လည်း ၄င်းတို့အခက်အခဲရှိသကဲ့သို့ ဘူးဂါးလျှပ်စစ်အနေနှင့်လည်း ၄င်းတို့၏ လုပ်ငန်း၌ အခက်အခဲများစွာရှိခြင်းကြောင့် အစိုးရဝန်ထမ်းများနှင့် လခစားများအတွက် သီးသန့်အစီအစဉ် ပြုလုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
  • “ဟုတ်ပါတယ်။ ဝန်ထမ်းတွေမှာအခက်အခဲရှိမှန်းတော့ သိပါတယ်။ ဒါပေမဲ့လည်းကျမတို့ကလည်း (၂၅)ရက်နောက်ဆုံးမှ မီတာဘေလ်မကောက်ခံရင် လချုပ်စာရင်းလုပ်ဖို့တို့ အခြားလုပ်ငန်းနဲ့ဆိုင်တဲ့ကိစ္စတွေ အများကြီးရှိတဲ့အတွက် ဝန်ထမ်းတွေကို သီးသန့်အစီအစဉ်လုပ်ပေးဖို့တော့ မရှိသေးပါဘူး။ ဝန်ထမ်းတွေ မှာလည်း အခက်အခဲရှိသလို ကျမတို့မှာလည်းအခက်အခဲတွေ အများကြီးရှိတဲ့အတွက် နားလည်ပေး စေချင်ပါတယ်။ နားလည်ပေးပါလို့ပဲ ပြောချင်ပါတယ်။” ဟု ဘူးဂါးလျှပ်စစ် ဓါတ်အားပေးရေးလုပ်ငန်းမှ ဘဏ္ဍာရေးရာဌာနမှ မန်နေဂျာဒေါ်ဆိုင်းမိုင် ကပြောသည်။
  • မီတာဆောင်ရန်ရက်အတွက် သီးသန့်အစီအစဉ်များမပြုလုပ်ပေးနိုင်သော်လည်းမီတာဆောင်ရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တောင်းဆိုမှုအရ စုပေါင်းရုံး၌ မီတာကောက်ခံရေးဌာနခွဲတခုကို တိုးချဲ့ဖွင့်လှစ်ကာ ကောက်ခံပေးနေကြောင်းသိရသည်။
  • “ဝန်ထမ်းတွေအတွက် မီတာဆောင်ဖို့ရက်ကိုတော့ သီးသန့်မလုပ်ပေးနိုင်ပေမဲ့၊ မြို့နယ် ထွေ/အုပ် က တောင်းဆိုလို့ OSS ရုံးမှာ မီတာကောက်တဲ့ရုံးခွဲလေးတခုဖွင့်ပြီး မီတာဆောင်တာ လက်ခံပေးနေ ပါတယ်။ OSS ရုံးမှာမီတာကောက်ခံပေးတာ (၂)ပိုင်းကတည်းကဆိုတော့ (၈)လလောက်တောင်ရှိပါပြီ။ ကျမတို့ဖက်က လုပ်ပေးနိုင်တာကတော့ လုပ်ပေးနေပါတယ်။” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
  • ဘူးဂါးလျှပ်စစ်မှ မြစ်ကြီးနားမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျှက်ရှိရာ ဓါတ်အား မလောက် င သဖြင့် ချီဖွေ လျှပ်စစ်ဓါတ်အားပေးရုံမှ ဓါတ်အားများပြန်လည် ဝယ်ယူကာ ဖြန့်ဖြူးပေးနေရခြင်း ဖြစ်သည် ဟု သိရသည်။
  • ၄င်းကဲ့သို့ ဝယ်ယူဖြန့်ဖြူးရာ၌လည်း ဝယ်ယူသည့်ဓါတ်အားအတွက် ကုန်ကျငွေများကို ရက်အတိအကျ ပေးဆောင်ရပြီး ရက်လွန်သွားပါက ရာခိုင်နှုန်းနှင့် ပေးဆောင်နေရသည်ဟုဆိုသည်။
  • ဘူးဂါးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးမှ လျှပ်စစ် တစ်ယူနစ်လျှင် အစိုးရ၊ ဘာသာသာသနာ၊ တပ်မတော်ကို ၉၀ကျပ်၊ အများပြည်သူ အိမ်သုံးမီတာ ၁၁၀ကျပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ၁၅၀ကျပ် နှင့် မီတာ ဝန်ဆောင်ခ(မီတာထိန်းသိမ်းခ)အဖြစ် (၅၀၀)ကျပ် ကောက်ခံလျှက်ရှိကြောင်းသိရသည်။
                                                                ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ