မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်း ရေး လုပ်အားပေးပွဲပြုလုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်း ရေး လုပ်အားပေးပွဲပြုလုပ်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၃
- လာမည့် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်းရေး လုပ်အားပေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မြစ်ကြီးနားမြို့၊ အလယ်ကုန်းရပ်ကွက်ရှိ အမှတ်(၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်အင်အား(၇၀) ကျော်ခန့်နှင့် မြို့သစ်ကြီးရပ်ကွက်၊ အောင်ဇေရန်အောင်စေတီတော်မြတ်ကြီးရှိ သပြေတစ်ထောင်ဘုရား ပရဝုဏ်အတွင်း၊ အပြင်နှင့် အနီးပတ်လည်တို့ကို စက်တင်ဘာ (၂၃)ရက် နံနက်(၈)နာရီခွဲမှ စတင်၍ မြက်ရှင်းခြင်း၊ အမှိုက်သိမ်းခြင်းစသော သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။
- "ဒီလထဲမှာပဲ ၂၁ ရက်နေ့က တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင် မိသားစုဝင်တွေ ၅၅ ဦး ဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းပွဲ လုပ်ခဲ့တယ်။ ဒီနေ့ကတော့ ဒီမှာ အောင်ဇေရန်အောင် စေတီတော်ရဲ့ သပြေတစ်ထောင်ဘုရားမှာ တပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်နဲ့ သန့်ရှင်းရေးလုပ်ပေးတာပေါ့။ ကုသိုလ် ရအောင်နဲ့ ပြည်သူတွေအတွက် အကျိုးရှိအောင်လို့ အကျိုးပြုသဘောနဲ့လုပ်တာပါ။ မနှစ်ကတော့ ၃ နေရာ လုပ်ပေးနိုင်ခဲ့တယ်။ ဒီနှစ်တော့ ၂ နေရာပဲ လုပ်ပေးနိုင်လိုက်တယ်ပြောရမယ်။ တနှစ်နဲ့ တနှစ် မတူအောင် မတူတဲ့နေရာတွေမှာလိုက်ပြီး ပြည်သူတွေအမှန်တကယ်လိုအပ်နေတဲ့ အကျိုးရှိမဲ့အလုပ် ကုသိုလ်ရမဲ့ ပရဟိတအလုပ်တွေကို ရွေးချယ်ပြီး လိုက်လုပ်ပေးတဲ့သဘောပါ"ဟု အမှတ်(၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ရဲမှူး ဇော်မျိုးဝင်း ကပြောသည်။
- ၎င်းအပြင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မစခန်းနှင့် အမှတ်(၂)စခန်းတို့မှ ရဲတပ်ဖွဲ့ဝင် အင်အား(၁၀၀)ကျော်ခန့်မှာလည်း ဧရာရပ်ကွက်ရှိ အံတော်ရှင်ကျောင်းတိုက် ပရဝုဏ် အတွင်း၊ အပြင်နှင့် အနီးဝန်းကျင် သန့်ရှင်းရေးအတွက် စုပေါင်းလုပ်အားပေးခဲ့သည်ဟု သိရသည်။
- "ဒီနေ့ မနက်ကအံတော်ရှင်မှာ ခရိုင်ရဲရုံး၊ မြို့နယ်ရုံး၊ မြို့မစခန်းနဲ့ ကျနော်တို့ အမှတ်(၂)စခန်း ပေါင်းပြီး စုပေါင်းသန့်ရှင်းရေးလုပ်အားပေးတာပေါ့။ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အကြို ဂုဏ်ပြုတဲ့အနေနဲ့ ကုသိုလ်ရတဲ့အလုပ်တခုကို စုပေါင်းပြီး ပြုလုပ်တဲ့သဘောပါ။"ဟု အမှတ် (၂)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဇော် ကပြောသည်။
- (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ရှိ ရဲတပ်ရင်း၊ တပ်ဖွဲ့၊ စခန်းများမှ တပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြ သကဲ့သို့ စုပေါင်းသွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယခုနှစ်တွင် ၎င်းကဲ့သို့ စုပေါင်းသွေးလှူခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သလို ယမန်နှစ်များကလည်း စုပေါင်းသွေးလှူခြင်း၊ စေတီနှင့်ဘုရားများ သန့်နရှင်းရေး ပြုလုပ်ခြင်း၊ စာသင်ကျောင်းများကို သန့်ရှင်းရေးပြုလုပ်ပေးခြင်းများ၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို သန့်ရှင်းရေးပြုလုပ်ပေးခြင်း စသည့် ပြည်သူ့ အကျိုးပြု စုပေါင်း ပရဟိတ ကုသိုလ်ဖြစ်လုပ်ငန်းများ ပြုလုပ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။







Comments
Post a Comment