မိုးညှင်းမြို့တွင် အမျိုးသမီးများထံ လိုက်လံလုယက်သူ(၃)ဦးအား ဖမ်းဆီးမိ

မိုးညှင်းမြို့တွင် အမျိုးသမီးများထံ လိုက်လံလုယက်သူ(၃)ဦးအား ဖမ်းဆီးမိ

EPN
မိုးညှင်း၊ စက်တင်ဘာ ၁၆
  • မိုးညှင်းမြို့နယ်အတွင်း အမျိုးသမီးများထံ ဆိုင်ကယ်ဖြင့် ထပ်ကြပ်မကွာလိုက်ပြီး  ငွေကြေးများအား လိုက်လံလုယက်နေသူ (၃)ဦးအား စက်တင်ဘာ(၁၅)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
  • အဆိုပါ (၃)ဦးမှာ မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု ပြည်ထောင်ကျေးရွာနေ အသက်၂၁ နှစ်ရှိ ချစ်တီး(ခ)ချစ်ဦး အသက်(၁၉)နှစ်ရှိ မျိုးလှိုင်ဝင်း၊ စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာအုပ်စု သာဒွန့် ကျေးရွာနေ အသက်(၁၉)နှစ်ရှိ အာကာ(ခ)သိန်းသိန်းအောင် ဆိုသူတို့ဖြစ်ပြီး ဘိုကုန်းအင်းကုန်ကျေးရွာ သားများက စုပေါင်းဖမ်းဆီးပေးခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
  • “အခုလို ပြည်သူတွေပါဝင်ပြီးကူညီပေးကြရင်  ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းပိုပြီးအောင်မြင်နိုင်ပါတယ် ဘယ်လိုရာဇ၀တ်မှုမျိုးမဆို ပြည်သူတွေကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးလို့ ရပါတယ် ဖမ်းဆီးပြီးတာနဲ့ သက် ဆိုင်ရာ တာဝန်ရှိသူတွေထံ အပ်နှံရပါမယ် ဘယ်လိုလုပ်ငန်းမဆို ပြည်သူတွေပါဝင်လာရင် အောင်မြင်ပါ တယ်” ဟု မိုးညှင်းမြို့မဒုစခန်းမှူးရဲအုပ် ညွှန်လှိုင်ကပြောသည်။
  • နတ်ကြီးကုန်းရပ်ကွက်နေ အသက်၂၃နှစ်ရှိ မနန်းလဲ့လဲ့ဝင်းဆိုသူသည် စက်တင်ဘာ(၁၀)ရက်နေ့ ညနေ၅နာရီခွဲအချိန်က High Way မုန့်ဆိုင်မှ မုန့်ဝယ်ယူပြီး ဘက်ထရီဆိုင်ကယ်ဖြင့် မြသိန်းတန်ဘုရားကြီး အရှေ့မုဒ်ပေါက်လမ်းအတိုင်း နတ်ကြီးကုန်းရပ်ကွက်ရှိ အိမ်ဘက်သို့ အိမ်သို့ပြန်ခဲ့ရာ အဆိုပါ(၃)ဦးသည် DT ဆိုင်ကယ်တစ်စီးအား စီးနှင်းကာ ကပ်လျက်လိုက်ပါလာခဲ့ကြောင်းသိရသည်။
  • “ကျမက မုန့်ဝယ်ပြီးအပြန် အေးရိပ်မြိုင် စားသောက်ဆိုင်ရှေ့လမ်းလေခွလမ်းဆုံအရောက်မှာ ယောင်္ကျား(၃)ယောက်စီးလာတဲ့ DTဆိုင်ကယ်တစ်စီးက အနားကပ်လာတယ် အနောက်မှာလိုက်ပါလာသူ က  ကျမလွယ်ထာတဲ့ ပိုက်ဆံအိတ်ကို ဆွဲလုပြီး ရွာသစ်ကုန်းရွာ လမ်းမကြီးအတိုင်း ထွက်ပြေးသွားခဲ့တယ်” ဟု မနန်းလဲ့လဲ့ဝင်းဆိုသူကပြောသည်။
  • ၄င်းအပြင် စက်တင်ဘာလ(၁၄)ရက်နေ့ ညနေ(၅)နာရီခန့်ကလည်း ရွာသစ်ကုန်းရပ်ကွက် ရွာလယ် လမ်းဆုံ၌ စက်ချုပ်ဆိုင်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသူ အသက်(၁၈)နှစ်ရှိ မထက်ထက်ဆိုသူထံ အဆိုပါလူ(၃)ဦးတို့က DTဆိုင်ကယ်ဖြင့် ချဉ်းကပ်လာပြီး ဘေးလွယ်အိတ်အား ဆွဲလုသွားခဲ့ကြောင်း သိရသည်။
  • အဆိုပါဖြစ်စဉ်ကို ချက်ချင်းဖုန်းဖြင့် မိုးညှင်းရဲစခန်းသို့ တိုင်ကြားခဲ့ကြရာ နယ်ထိန်းအဖွဲ့မှ လိုက်လံ စုံစမ်းနေစဉ် လုယက်သူ၃ဦးသည် ထပ်မံ၍ မိုးညှင်းနှင့် ၅မိုင်ကွာဝေးသောနေရာရှိ ဘီလူးမြို့သို့ရောက်ရှိပြီး အမျိုးသမီးတစ်ဦးထံ ထပ်မံ၍လုယက်ခဲ့ကြောင်းသိရသည်။
  • ပြီးနောက် ဘိုကုန်းအင်းကုန်းကျေးရွာရှိ အမျိုးသမီးထံတွင် ဆက်လက်လုယက်ခဲ့ကြရာ ဘိုကုန်း အင်းကုန်းကျေးရွာသားမှ ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ကြကြောင်းသိရသည်။
  • မနန်းလဲ့လဲ့ဝင်းထံမှ HelloKitty စာတမ်းပါ ကြောင်ရုပ်ပုံပလပ်စတစ်စတစ်ကာ ကာဘာတပ်ထား သော Huawei အမျိုးအစားအဖြူရောင်ဖုန်း ကာလတန်ဖိုး ကျပ်၃သိန်းကျော်တန် Handset-(၁)လုံး၊ Telenor ဆင်းကဒ် ၁ခု၊ အော်ရီဒူး ဆင်းကဒ် ၁ခု၊ ကျော်မျိုးအောင်အမည်ဖြင့် (ခ)ယာဉ်မောင်းလိုင်စင် ကဒ်ပြား (၁)ခု၊ CB Bank ATM ငွေကဒ်(၁)ခု ငွေစက္ကူရောရာကျပ်၁သိန်း၊ ကာလတန်ဖိုးကျပ် ၁သောင်းခွဲ တန် Giordano တံဆိပ်ပါ အနက်ရောင်ခေါက်ပိုက်ဆံအိတ် (၁)လုံးတို့အား လုယက်ခဲ့ကြကြောင်း သိရသည်။
  • မထက်ထက်ထံတွင်  Telenor နှင့် MPTဆင်းကဒ်ပါသော ကာလတန်ဖိုး ကျပ်၁သိန်း၃သောင်းတန် Huawei အမျိုးအစား ရွှေအိုရောင်Handset ၁လုံး ၊ ငွေကျပ်၁ထောင်တန်၁ရွက်ထည့်ထားသော အနီရောင် သားရေအိတ်တစ်လုံးတို့ကို လုယူသွားခဲ့ကြောင်းသိရသည်။
  • အဆိုပါ လုယက်သူ (၃)ဦးကို  ပ(၁၃၉)  ၊ပ(၁၄၀) ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။
                                                           သူရ


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ