မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် ဝပ်ရှော့လုပ်ကိုင်သူတစ်ဦးလုပ်ငန်းခွင်၌ ဓါတ်လိုက်သေဆုံး
မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် ဝပ်ရှော့လုပ်ကိုင်သူတစ်ဦးလုပ်ငန်းခွင်၌ ဓါတ်လိုက်သေဆုံး
EPN
မိုးညှင်း စက်တင်ဘာ ၂၄
- ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာနေထိုင်သည့် ဝပ်ရှော့ဆရာတစ်ဦးသည် လုပ်ငန်း ဆောင်ရွက်စဉ် ဓါတ်လိုက်သေဆုံးခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရှိရ သည်။
- စုံစမ်းသိရှိရသည်မှာ စက်တင်ဘာလ(၂၃)ရက် ညနေ(၅)နာရီအချိန်ခန့်က ဒုရဲအုပ်မင်းရာသည် မိုးညှင်းမြို့မရဲစခန်း၌ တာဝန်မှူးဆောင်ရွက်နေစဉ် မိုးညှင်းခရိုင်ဆေးရုံကြီးတွင် ဓါတ်လိုက်သေဆုံးသူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ဒုတိယစခန်းမှူးညွန့်လှိုင် ရဲတပ်ကြပ် ဟာထန်ဂေတို့သည် သက်သေဖြစ် သော ဆယ်မိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဋ္ဌေးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
- စစ်ဆေးပေါ်ပေါက်ချက်အရ သေဆုံးသူသည် ဆယ်မိုင်ရွာသစ်ကျေးရွာနေ စိုင်းဖိုးငယ်ဆိုသူဖြစ်ပြီး ခန္ဓာကိုယ်ညိုမဲလျက်တွေ့ရှိရပြီး ၎င်းသည် ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကာ ညနေ(၄)နာရီအချိန် ခန့်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် လျှပ်စစ်ဓါတ်လိုက်ကာ မေ့မြောနေသဖြင့် မိုးညှင်းခရိုင် ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
- ထို့ကြောင့် ဓါတ်လိုက်သေဆုံးသူ စိုင်းဖိုးငယ်(၄၆)နှစ်(ဘ)ဦးစိန်မြင့်ဆယ်မိုင်ကျေးရွာနေထိုင်သူ သေဆုံးမှုအား ဒုရဲအုပ်မင်းရာမှ တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂၆/၂၀၁၇)ဖြင့် ရေးဖွင့်ကာ စခန်းမှူးဒုရဲမှူးထွန်းမြင့်အောင်မှ အမှုစစ်အဖြစ် ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။




Comments
Post a Comment