မိုးညှင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး ကျေးရွာများအား မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်
မိုးညှင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး ကျေးရွာများအား မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်
EPN
မိုးညှင်း စက်တင်ဘာ ၂၉
- ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းရှိဆင်းရဲနွမ်းပါးကျေးရွာများဖြစ်သည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများအား ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
- ''မြစိမ်းရောင်ရွာရွေးမယ်ဆိုရင် အချက်၆ချက်ကိုအခြေခံပါတယ်၊ လောင်းကစား ကင်းရမယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းရမယ်၊ အိမ်ခြေ အနည်းဆုံး ၈၀ ရှိရမယ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နိုင်ရမယ်၊ ဆင်းရဲသောကျေးရွာဖြစ်ရမယ်၊ ရွာသူရွာသားများရဲ့ စိတ်အားထက်သန်မှု စည်းလုံးညီညွတ်မှု ကျေးရွာများရဲ့ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတောင်းဆိုမှု တို့ရှိရပါမယ်'' ဟု ၎င်း ဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းမင်းက ဆိုသည်။
- မိုးညှင်းမြို့နယ်တွင် အဆိုပါစီမံကိန်းကို၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၆-၁၇ ထိ ကျေးရွာပေါင်း ၂၃ ရွာရှိ လူဦးရေ ၁၈၈၄ ဦးအား ကျပ်သိန်းပေါင်း ၉၂၀၁ သိန်း ထုတ်ချေးပြီးကြောင်း သိရသည်။
- ''ချေးငွေကို အဓိကထားချေးတာကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်ဆိုင်၊ အပ်ချုပ်ဆိုင်၊ စက်ဘီး ပြင်ဆိုင်စတဲ့ လက်မှုပညာလုပ်ငန်းတွေအတွက် အဓိကထားပြီး လောင်းကစား၊ အရက်ပုန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အုတ်ဖုတ်၊ မီးသွေးဖုတ်လုပ်ငန်းတွေကို ချေးငွေထုတ်မပေးပါဘူး'' ဟု မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းက ပြောသည်။
- မိုးညှင်းမြို့နယ်အတွင်း ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် မြစိမ်းရောင်စီမံကိန်းကျေးရွာ ၈ ရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ ၂၈ရက် နံနက်၉နာခွဲ အချိန်တွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အိမ်ခြေပေါင်း ၁၆၅၁ အိမ်၊ လူဦးရေ ၈၇၁၅ အတွက် ကျပ်သိန်းပေါင်း၂၄၀၀ ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
- ''ကျွန်မတို့ရွာမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပါတယ်၊ လုပ်ငန်းအတွက် ငွေလိုခဲ့ရင် ၄ ကျပ် တိုး ၅ ကျပ်တိုးနဲ့ အတိုးနှုန်းကြီးကြီးချေးရတယ်၊ မြစိမ်းရောင်က ၁ ကျပ် ၁ကျပ်ခွဲနှုန်းနဲ့ သက်သက် သာသာ ချေးပေးလို့ ဝမ်းသာပါတယ်'' ဟု ဆယ်မိုင်ကျေးရွာမှ မအေးအေးသင်းကပြောသည်။
- ကျေးရွာအတွက် ရလာသည့် ကျပ်သိန်း ၃၀၀ ကို ရွာအတွက်အကျိုးရှိသည့် လုပ်ငန်းများတွင် သုံးစွဲသွားမည် ဟု ဘီလူးမြို့ သာယာကုန်းကျေးရွာမှ ကိုနေဇော်လွင်က ပြောသည်။
- မြန်မာနိုင်ငံလူဦးရေ၏ ၇၀%ရှိသော ကျေးလက်နေပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှု လျော့ကျစေရန်၊ ကျေးလက်နေ ပြည်သူလူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် ကျရောက် လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် အပါအဝင် အဓိက ရည်ရွယ်ချက် ၄ ချက်ဖြင့် ဆောင်ရွက်ခဲ့သော မြစိမ်းရောင်စီမံကိန်းသည် အမျိုးသမီးများ၏ ပူးပေါင်း ဆောင်ရွက်မှု မြှင့်မားလာခြင်း၊ ဒေသခံပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုး လျော့ကျလာခြင်း စသည့် အကျိုးတရားများပါသည့် အကျိုးကျေးဇူး ၁၀ ရပ်ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။



Comments
Post a Comment