လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် မိမိမြို့နယ်သို့ ပဋိပက္ခမကူးစက်စေရန် မြို့နယ်သံဃနာယကအဖွဲ့မှ မြို့ပေါ်ရှိဗုဒ္ဓဘာသာ ဘာသာရေးအသင်းအဖွဲ့များအား တွေ့ဆုံသြဝါဒပေး လမ်းညွှန်

လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် မိမိမြို့နယ်သို့ ပဋိပက္ခမကူးစက်စေရန် မြို့နယ်သံဃနာယကအဖွဲ့မှ မြို့ပေါ်ရှိဗုဒ္ဓဘာသာ ဘာသာရေးအသင်းအဖွဲ့များအား တွေ့ဆုံသြဝါဒပေး လမ်းညွှန်

EPN
မိုးကောင်း၊ စက်တင်ဘာ ၁၂
  • ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ် ပစ္ဆိမာရုံ ပရိယတ္တိစာသင်တိုက် သုံးထပ်ဆောင် ဒုတိယထပ်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် မိမိမြို့နယ်သို့ ပဋိပက္ခမကူးစက်စေရန် မြို့နယ်သံဃနာယကအဖွဲ့မှ မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘာသာရေးအသင်းအဖွဲ့ များအား တွေ့ဆုံသြဝါဒ ပေးလမ်းညွှန်ခြင်းကို စက်တင်ဘာလ ၁၂ရက် ၁၂နာရီခွဲခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် မိမိမြို့နယ်သို့ ပဋိပက္ခမကူးစက် စေရန် နိုင်ငံတော်မှ ချမှတ်ထားသောစည်းကမ်း မြတ်စွာဘုရားရှင်ချမှတ်ထားသော စည်းကမ်းများကို တိတိ ကျကျလိုက်နာပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် မြို့အကျိုး ဘာသာသာသနာ အကျိုးကိုထမ်းရွက် ရမှာဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသရှိဒုက္ခရောက်နေသူများကိုလည်း ဒီမှာရှိနေတဲ့ လူမှုကူညီရေး အသင်းအဖွဲ့များမှ ရခိုင်ဒေသရှိ အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ထိထိရောက်ရောက်ကူညီနိုင်ရန် လုပ်ဆောင်စေလိုကြောင်း မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက် ဆရာတော်ဦးသာသနမှ မိန့်ကြားခဲ့ကြောင်းသိရသည်။
  • ဆက်လက်၍ ရပ်ကွက်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကျောင်းဆရာတော် ဦးဇောတိကနှင့် မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင်လေးမိုင်ဆရာတော် ဦးသီလာနန္ဒမှ သြဝါဒစကားကို ချီးမြှင့်ခဲ့သည်။
  • ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် မြန်မာနိုင်ငံသည် အေးချမ်းစွာနေထိုင်သောနိုင်ငံဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော်လည်း အခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသော နိုင်ငံဖြစ်ကြောင်း လတ်တလော ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် မိမိမြို့နယ်သူနယ်သားများ စိုးရိမ်ထိတ်လန့် ဖြစ်နေမှုအပေါ် မစိုးရိမ်ကြရန်နှင့် တာဝန်ရှိသူများမှ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်၊ လ ဝ က၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဝပ်ကင်း၊ ရပ်ကင်း၊ လှည့်ကင်းများဖြင့် နေ့ညဆောင်ရွက်နေပါကြောင်း ဆရာတော်များအား လျှောက်ထားခဲ့သည်။
  • လုံခြုံရေးထားရှိမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထိုက် တို့မှ ဆက်လက်လျှောက်ထားခဲ့ပြီး ယနေ့သြဝါဒခံယူပွဲတွင် အခမ်းအနားမှူးအဖြစ် မြို့နယ်သာသနာရေး ဦးစီးမှူး ဦးစံထွန်းမောင်မှ ဆောင်ရွက်ကာ အခမ်းအနားသို့ ဘာသာရေးနှင့်လူမှုရေးအသင်းအဖွဲ့များမှ အင်အား(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
                                                          ချိုမောင်





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ