မြစ်ကြီးနား၌ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

မြစ်ကြီးနား၌ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆
  •  “နေရောင်အောက်က သက်ရှိတွေကို စောင့်ရှောက်ဖို့ အိုဇုန်းလွှာကို ထိန်းသိမ်းစို့။ (Caring for all life under the sun.)” ဆိုသည့်ဆောင်ပုဒ်နှင့် ၂၀၁၇ခု၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော အကြိမ်(၃၀)မြောက် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် နေ့လည် ၁၁နာရီခန့်က ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
  • “လာမဲ့နှစ်များအတွင်း အပူချိန်ပိုမိုမြင့်မားလာနိုင်ပြီး ပိုမိုပူပြင်းလာနိုင်ပါတယ်။ နောင်အနှစ်(၂၀)မှ (၃၀)အတွင်း အပူချိန် ဆက်လက်မြင့်တက်နေဦးမယ်လို့ ကမ္ဘာ့ပညာရှင်များက ခန့်မှန့်ထားပါတယ်။ ADB report 2009 မှာလည်း အရှေ့တောင် အာရှနိုင်ငံများမှာ (၂၀၄၀)နှစ်များအတွင်း ပိုမိုပူပြင်းလာမယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အပူချိန်တိုးလာတာနဲ့အမျှ ရာသီဥတုပိုပူပြင်းလာတဲ့အတွက် ဇီဝမျိုးစုံ မျိုးရင်းများ လျော့ပါးပျောက်ကွယ်သွားခြင်း၊ ရေများခမ်းခြောက်သွားခြင်း၊ ရောဂါပိုးမွှားများ ပေါက်ဖွား လာခြင်း၊ စိုက်ပျိုးသီးနှံလျော့ကျသွားခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ကျန်းမာရေး ထိခိုက်လာခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်လာခြင်းများ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါ့အပြင် ကဏ္ဍပေါင်းစုံ ထိခိုက်လာတဲ့အပြင် နိုင်ငံ့ရဲ့စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာထိခိုက်လာနိုင်ပါတယ်။” ဟု အဆိုပါ အခမ်းအနား၌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ကပြောသည်။
  • အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ကျင်းပလာခဲ့သည်မှာ (၃၀)ကြိမ်မြောက် ပြည့်ခဲ့ပြီဖြစ်ပြီး မည်သို့ စတင်ပေါ်ပေါက်လာခဲ့ပုံကို သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးအောင်ကျော်မိုး ကရှင်းလင်းပြောကြားခဲ့သည်။
  • “(၁၉၇၀)ပတ်ဝန်းကျင်မှာ အိုဇုန်းလွှာပေါက်တာကို သတိပြုမိခဲ့ပါတယ်။ (၁၉၈၀)ခုနှစ်မှာ အန္တာတိကဒေသရဲ့အထက်မှာ အိုဇုန်းလွှာပေါက်နေတာကို တွေ့ရှိခဲ့ပါတယ်။ အိုဇုန်းလွှာပေါက်တဲ့အတွက် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုတွေမမှန်တော့ပဲ။ ဖောက်ပြန်မှုတွေဖြစ်ပွားလာပါတယ်။ သဘာဝဘေး အန္တရာယ်တွေလည်း ကျရောက်လာပါတယ်။ ဒါကြောင့် အိုဖုန်းလွှာကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒီနေ့အခမ်းအနားကတော့ မြန်မာနိုင်ငံအနေနဲ့ အိုဇုန်းလွှာထိန်းသိမ်းရေးအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်။” ဟု အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာမှုအကြောင်း ရှင်းလင်းတင်ပြရင်း ဆက်လက်ပြောကြားခဲ့သည်။
  • အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အဖွင့်မိန့်ခွန်း ပြောကြားပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှာညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခဲ့ကာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ ပန်းချီပြိုင်ပွဲပြုလုပ်ခဲ့ရာတွင် ဆုရရှိသော ကျောင်းသူ/သားများကို ဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင်တို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ၄င်းအပြင် အခမ်းအနား၌ ပြခန်းငယ်ပြင်ဆင်ထားရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
  • ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအရာရှိကြီးများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းသူ/သားများ၊ မြစ်ကြီးနား ပညာရေးကောလိပ်မှ ကျောင်းသူ/သားများ စုစုပေါင်း လူဦးရေ(၅၀၀)ခန့် တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
                                                     ဘရန်ဆိုင်း




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ