မိုးညှင်းတွင် ဆီဘောက်ဆာနှင့် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးမိ
မိုးညှင်းတွင် ဆီဘောက်ဆာနှင့် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးမိ
EPN
မိုးညှင်း၊ စက်တင်ဘာ ၂၉
- မိုးညှင်းမြို့တွင် အမိုနီယမ်နိုက်ထရိတ်များ ဆီဘောက်ဆာကား(၂)စီးနှင့် သယ်ဆောင်လာသူကို မိုးညှင်းမြို့ မြို့ရှောင်ကား လမ်းမကြီး၌် တပ်မတော်က ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
- အဆိုပါ ဆီဘောက်ဆာကားအား မိုးညှင်းမြို့ မြို့ရှောင်ကား လမ်းမကြီးတွင် မောင်နှင်းခဲ့သူမှာ ဟိုပင်မြို့နယ်ခွဲ ရွာသစ်ကြီးကျေးရွာနေ အသက်(၄၄)နှစ်ရှိ ဦးညီလေးနှင့် စစ်ကိုင်းတိုင်း ကောလင်းမြို့နေ အသက်၂၄နှစ်ရှိ မင်းသန့်စိုးဆိုသူဖြစ်ကြောင်း သိရသည်။
- အဆိုပါ ကား(၂)စီးသည် မိုးညှင်းအမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူး ရုံးချုပ်အမှတ် (၉၀၄)ဂိတ်ရှေ့မှ ဖြတ်သန်းသွားကြောင်း သိရှိရသဖြင့် စက်တင်ဘာ၂၄ရက်နေ့ ညနေ၃နာရီက မြို့ရှောင် ကားလမ်းမတွင် တပ်မတော်တာဝန်ရှိသူများကရှာဖွေဖမ်းဆီးခဲ့ကြောင်းသိရသည်။
- အမိုနီယမ်နိုက်ထရိတ်အိတ်များအား စက်သုံးဆီနှင့် ရောနှောကာ သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး စက်တင်ဘာ၂၉ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်း ဒုစခန်းမှူးကပြောသည်။
- မှော်ထဲက ကျောက်တောင်တွေကို ဖောက်ခွဲတဲ့နေရာမှာ အမိုနီယမ်နိုက်ထရိတ်တွေကို အသုံးပြုကြတယ် ယမ်းတွေနဲ့တစ်ခါ ဖောက်ခွဲရင် ကျပ်သိန်း(၂၀)လောက်ကျပေမဲ့ အမိုနီယမ် နိုက်ထရိတ်တွေနဲ့ ရောစပ်ပြီးတော့ ဖောက်ခွဲရင်ကျပ်(၁၃)သိန်း ၀န်းကျင်လောက်ဘဲ ကုန်ကျတယ်လို့ သိရတယ် ကုန်ကျစရိတ်သက်သာနေလို့ တရားမ၀င်ခိုးသွင်းနေကြတာပါ နောက်ပြီး သောင်းကျန်း သူတွေပြုလုပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေမှာလည်း ရောစပ်အသုံးပြုလို့ရနေလို့ တပ်မတော်က ဖမ်းဆီးပြီး ရဲတပ်ဖွဲ့လက်ထဲအပ်ခဲ့တာပါ ဟု ဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။
- အဆိုပါ အမိုနီယမ်နိုက်ထရိတ်အိတ်များကို မန္တလေးမှ ဖားကန့်ဘက်သို့ 3C/3849 UD-NISSAN (၁၂)ဘီးကားနှင့် 81/4586 NISSAN(၁၂)ဘီးကားဖြင့်သယ်ယူလာခဲ့ပြီး အဆိုပါကား၂စီးတွင် အမိုနီယမ်နိုက်ထရိတ်အလေးချိန် (၃၅)ကီလိုမှ(၄၀)ကီလိုခန့်ပါ စုစုပေါင်း(၅၉၀)အိတ် အလေးချိန် (၂၂)တန် ခန့် ပါရှိခဲ့ကြောင်းသိရသည်။
- ဖားကန့်ဘက်ရှိ ကျောက်မျက်တူးဖော်ရာတွင် အသုံးပြုနိုင်သော်လည်း အကြမ်းဖက်သောင်းကြမ်း သူများအနေနှင့် ဖောက်ခွဲယမ်းအဖြစ်ပြုလုပ်နိုင်သော ပစ္စည်းများဖြစ်သောကြောင့် အဆိုပါကားဖြင့် သယ်ဆောင်လာသူ ဦးညီလေးနှင့် မင်းသန့်စိုး ဆိုသူအား(ပ)၁၄၇ ပေါက်ကွဲ-၅ဖြင့် ဖမ်းဆီးအရေးယူ ခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။




Comments
Post a Comment