သခင်နက်ဖေလမ်းတွင် လမ်းမီးအတွက်သီးသန့် သံပိုက်တိုင်များပြုလုပ်မည်
သခင်နက်ဖေလမ်းတွင် လမ်းမီးအတွက်သီးသန့် သံပိုက်တိုင်များပြုလုပ်မည်
EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၉
- သခင်နက်ဖေလမ်းတစ်လျှောက်ရှိ လမ်းလယ်ကျွန်းများမှ ကွန်ကရစ်တိုင်များ ဖယ်ရှား၍ လမ်းမီး အတွက် သီးသန့် သံပိုက်တိုင်များကို နိုဝင်ဘာလတွင် အပြီးပြုလုပ်သွားမည် ဟု ဘူးဂါးလျှပ်စစ် ဓါတ်အား ပေးလုပ်ငန်း(ဖြန့် ဖြူး)မှ မန်နေဂျာ ဦးလအောင်က ပြောသည်။
- “အဓိကကတော့ မြို့ရဲ့သာယာလှပရေးအတွက်ပေါ့ လမ်းအလယ်ဓာတ်တိုင်က ကြိုးနဲ့တစ်ဆင့် မိမိ နေအိမ်ကို လျှပ်စစ်မီးသွယ်တန်းရာမှာ ဆားဗစ်ကြိုးက ရှုပ်ထွေးနေတာတွေရှိလို့ အဲ့ဒီတိုင်တွေ ဖယ်ရှားပြီး လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေ လိုအပ်ရင်လိုအပ်သလို လမ်းရဲ့ဘယ်ဘက်မှာဖြစ်ဖြစ် ညာဘက်မှာဖြစ်ဖြစ် ကွန်ကရစ်ဓာတ်တိုင်တွေကို ပြန်လည်စိုက်ထူပေးမှာပါ” ဟု ၎င်းကပြောသည်။
- မြစ်ကြီးနားမြို့၏ သခင်နက်ဖေလမ်းပေါ်ရှိ စီတာပူရပ်ကွက် တံတားအနီးမီးပွိုင့်မှ အေးစေတီ ရပ်ကွက် အဝိုင်းပတ်အထိ လမ်းလယ်ကျွန်းမှ ကွန်ကရစ် မီးတိုင်များကို ဖယ်ရှားပြီး အဆိုပါ နေရာတွင် လမ်းမီးသံပိုက်တိုင် (GIပိုက်တိုင်များ) စိုက်ထူပြီး လမ်းမီး သီးသန့်ပေးရန်ဖြစ်သည်။
- “လမ်းလယ်ကျွန်းက လမ်းမီးတိုင်က အရင်ကတော့ မီးလင်းတယ် အခုနောက်ပိုင်း မီးမလင်းတာ ခြောက်လ တစ်နှစ်လောက်ရှိပြီ” ဟု သခင်နက်ဖေ လမ်းပေါ်ရှိမြစ်ကြီးနား ဘူတာအလွန်မှ ဆိုင်ခန်းပိုင်ရှင် များက ပြောသည်။
- အဆိုပါ စီမံချက်ကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းမှ လုပ်အားစိုက်ကူညီခြင်းဖြစ်၍ စက်တင်ဘာ ၂၈တွင် စတင်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၃၀ရက်တွင် အပြီးလုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။
ဓာတ်ပုံ - WZO



Comments
Post a Comment