“ဗျောက်အိုးနှင့်မီးရှူးမီးပန်းများသိုလှောင်ရောင်းချဖြန့်ဖြူးခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်” တားမြစ်မည်

“ဗျောက်အိုးနှင့်မီးရှူးမီးပန်းများသိုလှောင်ရောင်းချဖြန့်ဖြူးခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်” တားမြစ်မည်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၉
  • “ဗျောက်အိုးနှင့်မီးရှူးမီးပန်းများသိုလှောင်ရောင်းချဖြန့်ဖြူးခြင်း၊ ပစ်ပေါက်ခြင်းများ မပြုလုပ်ရန်” အတွက် မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယခုအပတ်အတွင်း တားမြစ်ချက်ထုတ်ပြန် သွားမည် ဟု သိရသည်။
  • မကြာမီအချိန်ကာလအတွင်း ကျင်းပပြုလုပ်မည့် သီတင်းကျွတ်နှင့်တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို အကြောင်းပြု၍ မြစ်ကြီးနားမြို့နယ်အတွင်း၌ ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကြောင့် မီးဘေးအန္တရာယ်စိုးရိမ်ရပြီး ပြည်သူများအထိတ်တလန့်ဖြစ်စေနိုင်သည့်အပြင် အဖျက်အမှောက်လုပ်ရပ်များ ဖြစ်ပွားပေါ်ပေါက်လာခြင်းမရှိစေရေးအတွက် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်ချက်ထုတ်ပြန်နိုင်ရန် စက်တင်ဘာလ(၅)ရက်နေ့တွင် အထက်ဌာန အဆင့်ဆင့်သို့ တင်ပြထားပြီးခွင့်ပြုချက်ရရှိသည်နှင့် တားမြစ်ချက်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။
  • “အရင်နှစ်တွေကအတိုင်းထုတ်ပြန်မှာပါ။ နှစ်တိုင်းလည်းထုတ်ပြန်နေကျပဲလေ။ တားမြစ်ချက် ထုတ်ပြန်ဖို့ကို အထက်ကိုတင်ပြထားပြီးပါပြီ။ ဒီအပတ်ထဲမှာထုတ်ပြန်နိုင်ပါလိမ့်မယ်။ ဒီအပတ်ထဲမှာ ထုတ်မှာပါ။ အချက်အလက်တွေကတော့ ထူးထူးခြားခြားတော့ မရှိပါဘူး။ အရင်နှစ်တွေက ထုတ်ပြန်ခဲ့ သလိုပဲထုတ်မှာပါ။” ဟု မြစ်ကြီးနားမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထက်အောင် က ပြောသည်။
  • ယခုအချိန်၌ သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နီးကပ်လာပြီဖြစ်သောကြောင့် အုပ်ချုပ်ရေးအပိုင်းမှ တားမြစ်မိန့်မထုတ်ပြန်သေးသော်လည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ နယ်စပ်ဒေသများ ဖြစ်သော လွယ်ဂျယ်၊ ကန်ပိုက်တီစသည့် နယ်စပ်ဒေသအဝင်ဂိတ်ပေါက်များရှိရဲတပ်ဖွဲ့များထံသို့ အဆိုပါ ဗျောက်အိုးများ၊ မီးရှူးမီးပန်းများကိုသတိထားရှာဖွေကာတတ်နိုင်သမျှ ပြည်နယ်တွင်းသို့ မဝင်လာစေရေး အတွက် သတိပေးအကြောင်းကြားစာများ ပေးပို့ညွှန်ကြားထားပြီးဖြစ်သည် ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
  • “ပုံမှန်ဆိုရင် သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလနီးတဲ့အခါဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေး ကနေပြီး ဒေသန္တရတားမြစ်မိန့်ထုတ်ပြန်ပေးတယ်။ အဲ့ဒီလိုတားမြစ်မိန့်ထုတ်ပြန်ပြီးမှပဲလိုက်လံရှာဖွေ စစ်ဆေးပြီးတော့မှ အရေးယူတယ်။ အဓိကတော့ ရောင်းချတဲ့သူတွေကိုပေါ့။ အခုတော့ သူတို့အုပ်ချုပ်ရေး က ဒေသန္တရတားမြစ်မိန့်ထုတ်ဖို့ လုပ်နေတယ်လို့သိရပါတယ်။ အုပ်ချုပ်ရေးက တားမြစ်မိန့် မထုတ်ရသေး ရင်လည်းပဲ ကျနော်တို့ကတော့ အခုကဒီအချိန်အခါ ကာလ ဆိုတော့ နယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်တို့ ကန်ပိုက်တီတို့မှာရှိတဲ့ ကိုယ့်ရဲတပ်ဖွဲ့ဝင်တွေကို ဒီဗျောက်အိုးတွေကို သေချာစစ်ဆေးဖို့ မှာကြားထားတယ်။ အကြောင်းကြားသတိပေးထားတယ်။ နယ်စပ်မှာပိတ်ထားမှ ဒီကိုအဝင်နည်းမှာလေ။” ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီးမျိုးသူရနောင် ကပြောသည်။
  • သီတင်းကျွတ်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်  ကျင်းပတော့မည် ဖြစ်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေပြီး၊ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော အဖျက်အမှောက်လုပ်ရပ်များ ဖြစ်ပွားပေါ်ပေါက်လာခြင်းမရှိစေရေးအတွက် ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းပစ်လွှတ်ခြင်း၊ သိုလှောင် ရောင်းချ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်းများ ပြုလုပ်ပါက (သို့မဟုတ်) တွေ့ရှိပါကအရေးယူမည် ဖြစ်ကြောင်းအသိပေးတားမြစ်ချက် အမိန့်ထုတ်ပြန်နိုင်ရန်အတွက် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အထက်ဌာနများဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌနသို့ တင်ပြအစီရင် ခံထားပြီးဖြစ်ကာခရိုင်ထွေအုပ်မှ တဆင့် ပြည်နယ်ဝန်ကြီးချုပ်သို့ ဆက်လက်တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ယခုတစ်ပတ်အတွင်းအဆိုပါတားမြစ်မိန့်ကို မြစ်ကြီးနားမြို့နယ်တွင်း၌ ဖြန့်ဝေအသိပေးကြေငြာသွားမည် ဟု သိရသည်။
                                                    ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ