မြစ်ကြီးနားမြို့တွင် ၃နှစ်အတွင်း မူးယစ်ဆေးဝါးသိန်းပေါင်း၃ထောင်ကျော် စံချိန်တင်ဖမ်းမိ
မြစ်ကြီးနားမြို့တွင် ၃နှစ်အတွင်း မူးယစ်ဆေးဝါးသိန်းပေါင်း၃ထောင်ကျော် စံချိန်တင်ဖမ်းမိ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မူးယစ်ဆေးဝါး သိန်းပေါင်းသုံးထောင် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
- “မူးယစ်တပ်ဖွဲ့စု ၂ရဲ့ အပိုင်နယ်မြေအတွင်း မြစ်ကြီးနားမှာပေါ့နော် သုံးနှစ်အတွင်း ဒီတစ်ခေါက်က အများဆုံးဖမ်းဆီးရမိတာပါ” ဟု မူးယစ်တပ်ဖွဲ့စု၂ မှ ဒုရဲမှူး ဌေးလွင်ကပြောသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာ၁၃ရက် ညနေ၆နာရီခန့်တွင် တရားခံဟု ယူဆရသူ နော်ဆိုင်းမော်ထံမှ မူးယစ်ဆေးဝါးများ တွေ့ရှိရာ တပ်ကုန်းရပ်ကွက် နယ်မြေ ၁၀ ရာဒါကောင်းB လဒီး(ခ)ခေါင်တောင်၏ နေအိမ်တွင် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဆိုပါ တပ်ကုန်းရပ်ကွက်၏ နေအိမ်အိပ်ခန်း အတွင်း ဝင်ရောက်ရှာဖွေရာမှ အနီရောင် လက်ဆွဲအိတ်ထဲတွင် ဘိန်းဖြုအလေးချိန်(၂၅၅၇)ဂရမ်နှင့် စိတ်ကြွ ဆေးပြား (၃၉၆၀၀)ပြား စုစုပေါင်းတန်ဖိုး (၃၂၃၃၆၀၀၀၀) နှင့်အတူ မြန်မာငွေကျပ်၅သိန်းခန့်၊ ဟန်းဆက် အနက်ရောင်၁လုံး ပါဂျရိုကားအဖြုရောင်၁စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြို့မရဲစခန်းမှ ရဲမှတ်တမ်းများ အရ သိရသည်။
- “အထူးမူးယစ်က လာဖမ်းတာပါ တပ်ကုန်းရပ်ကွက်ထဲနေတဲ့သူ ဟုတ်ပါတယ် မူးယစ်ဆေးဝါး မိတာတော့တော်တော်များတယ် တရားခံတွေလဲ မိတယ်လို့ပြောပါတယ်” ဟု တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်ကပြောသည်။
- အဆိုပါတရားခံဟု ယူဆရသူများကို မြို့မရဲစခန်းမှ အမှုအမှတ် (ပ)၄၁/၂၀၁၇နှင့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ နော်ဆိုင်းမော် နှင့်လဒီးကို မြို့မရဲစခန်း တွင် တရားလို ရဲအုပ်စိုင်းစံဖေ မူးယစ်တပ်ဖွဲ့စု၂ မြစ်ကြီးနားမှ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Comments
Post a Comment