“မုန့်လင်ပြားအိုးထဲမှာ ဆိုင်ကယ်စီးနေရတဲ့ မြစ်ကြီးနား ဒူကထောင်လမ်း”
“မုန့်လင်ပြားအိုးထဲမှာ ဆိုင်ကယ်စီးနေရတဲ့ မြစ်ကြီးနား ဒူကထောင်လမ်း”
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၈
- မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက် မိန်းလမ်းမကြီး(ဒူဝါလမ်း)သည် ကားကြီးကားငယ်၊ ဆိုင်ကယ်၊ သုံးဘီးထောင်ချီနှင့် လူဦးရေသောင်းချီတို့ နေ့စဉ်ဖြတ်သန်းသွားလာနေကြပြီး၊ မြစ်ကြီးနားမြို့၏ အလွန်အရေးပါသော လမ်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော်လည်း ကတ္တရာလမ်းဟု ဆိုနိုင်စရာပင် မရှိအောင် ကတ္တရာများပေါက်ပြဲကာလူသွားလူလာအတွက် ခက်ခဲနေကြောင်း သိရသည်။
- လမ်းပေါ်၌ ကတ္တရာပင်သိပ်မရှိတော့ဘဲ မြို့တွင်းအဓိကကျသော လမ်းဖြစ်လင့်ကစားမြေသားလမ်း ဟု ဆိုရမလောက်ပင် အောက်ခံမြေသားများပေါ်ကာ အလွန်ပင်ပျက်စီး နေပြီး မြို့အင်္ဂါရပ်နှင့်မညီသကဲ့သို့ နေ့စဉ်အသုံးပြုနေကြသော ပြည်သူများမှာလည်း ချိုင့်ခွက်များနှင့် မိုးရွာထားလျှင် မိုးရေအိုင်များရှိခြင်းကြောင့် အလွန်ပင်အတိဒုက္ခရောက်ကြရသည်။
- “ကျနော်တို့ရပ်ကွက်မှာက ပြည်သူ့ဆေးရုံကြီးရှိတယ်။ ပညာရေးကောလိပ်နဲ့ သူနာပြုသင်တန်း ကျောင်းရှိတယ်။ စာသင်ကျောင်းလည်း(၃)ကျောင်းရှိပါတယ်။ အဲ့ဒီတော့ လူတွေကပြည်ထောင်စုလမ်းမကြီး နီးနီးကို အသုံးပြုနေကြတယ်။” ဟု ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်က ပြောသည်။
- အဆိုပါလမ်းသည် ရပ်ကွက်နေလူထုအနေဖြင့် လူ၊ ကား၊ သုံးဘီး၊ ဆိုင်ကယ်များနှင့် ကြပ်ကြပ်တည်းတည်း အသုံးပြုနေရသည်မှာ လွန်ခဲ့သော သုံး၊ လေးနှစ်ခန့်မှ စတင်၍ ယခု အစိုးရလက်ထက်အထိ ခက်ခဲစွာ သွားလာနေရသည် ဟု ဒေသခံများက ဆိုသည်။
- “လမ်းမကောင်း တော့ ကျနော်တို့ရပ်ကွက်ရဲ့အနောက်ဘက် ရပ်ကွက်ကကျောင်သူကျောင်းသား တွေကို ဆိုင်ကယ်၊ ကား၊ သုံးဘီးစတာတွေနဲ့ ကျောင်းပို့တဲ့အခါမှာလမ်းကို ရှောင်ရင်းအချင်းချင်းရှောင်ရင်းနဲ့ ယာဉ်မတော်တဆ မှုတွေ ရှိပါတယ်။” ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်က ဆက်လက် ပြောကြားသည်။
- အဓိကအားဖြင့် နေ့စဉ် ကျောင်းသူကျောင်းသားများနှင့် ၀န်ထမ်းများ သွားလာရေးအတွက် အဆင် မပြေမှုများ ရှိနေပြီး ယခုလက်ရှိ မိုးတွင်းကာလတွေ လမ်းပေါ် ချိုင့်ခွက်များမှာ ရေများဝပ်၍ သွားလာရန် ခက်ခဲသည်။
- “ဒီလမ်းကြီးကို မြန်မြန်ကောင်းစေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ မနက်ကျောင်းသွားချိန်ဆို လမ်းကမကောင်းလူနဲ့ ကားနဲ့ကရှုပ်နဲ့ အရမ်းဒုက္ခရောက်ပါတယ်။ အခုပြင်ရင်လမ်းလဲချဲ့မယ်ဆိုတော့ ပိုကောင်းတာပေါ့။ အရမ်းမျှော်လင့်ပါတယ်၊ မြန်မြန်အောင်မြင်ပါစေ လို့လဲဆုတောင်းပါတယ်။” ဟု ဒူကထောင်ရပ်ကွက် နေရပ်မိရပ်ဖဖြစ်သူ ဒေါ်အင်ခွန်ဂျာဘူကပြောသည်။
- အဆိုပါလမ်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် စည်ပင်သာယာရေး ကော်မတီနှင့် ဒူကထောင်ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ အကုန်အကျခံ ပြုပြင်တော့မည် ဖြစ်ကြောင်း သိရသည်။
- ထိုသို့ ဒူကထောင်မိန်းလမ်းမကြီး(ဒူဝါလမ်း) ပြုပြင်ရေးအတွက် ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူ များမှလည်း လမ်းပြုပြင်ရေးလိုအပ်ငွေအဖို့ငှာ တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းကျစီ ထည့်ဝင် လှူဒါန်းကြရကြောင်းသိရသည်။
- သို့သော် ထည့်ဝင်ကြရသော ငွေကြေးကိုသာသတ်မှတ်ထားပြီး မည်သည့်နေ့ရက်တွင် အပြီး ထည့်ဝင်ရမည်ဟု မသတ်မှတ်ဘဲတစ်ကြိမ်လျှင် နည်းနည်းချင်းစီခွဲ၍ ထည့်ဝင်လျှင်လည်း လက်ခံကာ ကောက်ခံပေးကြောင်းသိရသည်။
- “ကျောင်းသူ၊ ကျောင်းသားတွေ ဝန်ထမ်းတွေသွားလာရင်း မိုးတွင်းမှာလမ်းပေါ်ရေဝပ် ထားလို့ ကားဖြတ်သွားရင်ရေစင်တာကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ဒီလမ်းကြီးပြုပြင်ဖို့အတွက် ကျနော်တို့ အစိုးရအဖွဲ့ကိုစာတင်ပြီး တောင်းဆိုထားတာမှာ စည်ပင်ပြည်သူ တဝက်စီအကုန်အကျခံပြီး ခင်းဖို့လုပ်နေပါပြီ။” ဟု ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်က ပြောသည်။
- အဆိုပါ ဒူကထောင်မိန်းလမ်းမကြီး ကတ္တရာခင်းခြင်းပြီးစီးသွားပါက လမ်းကိုအသုံးပြုနေကြသော ပြည်သူများအနေနှင့် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး လမ်းပေါ်၌ချိုင့်များ ခွက်များ မရှိ တော့လျှင် ကောင်းမွန်စွာအသုံးပြုနိုင်မည့်အပြင် ဆိုင်ကယ်လဲခြင်း၊ ဆိုင်ကယ်ပျက်စီးခြင်းများလည်း ပိုမိုသက်သာလာမည်ဟု လမ်းအသုံးပြုသူများက မျှော်လင့်ကြောင်းသိရသည်။
- ဒူကထောင်မိန်းလမ်းမကြီး(ဒူဝါလမ်း)ကို ယခုအကျယ် (၁၄)ပေမှ ပေ(၂၀)အကျယ်အထိ လမ်းချဲ့ ကာ ကတ္တရာခင်းခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ လမ်းဘေးဝဲယာနှစ်ဖက်တွင်လည်း မိုးတွင်းကာလ၌ လမ်းပေါ် ရေဝပ်ခြင်းမရှိစေရေးအတွက် ရေနုတ်မြောင်းဖောက်လုပ်ခြင်းများလည်း ပါဝင်မည်ဖြစ်သည်ဟုဆိုသည်။
- အဆိုပါ ဒူဝါလမ်းမကြီးသည် ပေအရှည်အားဖြင့် (၄၈၀၀)ပေခန့်ရှည်လျားကာ အနောက်ဖက်ရှိ ဂျန်မိုင်ကောင်းရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ ဧဒင်ရပ်ကွက်မှစ၍ ရွက်လှမြိုင်ရပ်ကွက်၊ နန်းကွေ့ ကျေးရွာစသည်တို့၌ နေထိုင်ကြသော လုပ်သားပြည်သူအပေါင်းမှ နေ့စဉ် မြို့ပေါ်သို့သွားလာရာတွင် အသုံးပြုနေကြရပြီး ဒူကထောင်ရပ်ကွက်ကိုဖြတ်ကာ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ ဆေးရုံကြီးနှင့် မြို့ပေါ်ကျောင်းများသို့ သွားလာနေကြသည့် မြစ်ကြီးနားမြို့၌ လူသုံးအများဆုံးလမ်းများထဲ၌ တခုအပါအဝင်ဖြစ်သော အဓိကကျသည့်လမ်းဖြစ်ခြင်းကြောင့် အလျှင်အမြန်ပြုပြင်ရန် လိုအပ်နေသော လမ်းဖြစ်သည်။
- “ဒီလမ်းကြီးက မြစ်ကြီးနားမြို့မှာ အသုံးပြုသူအများဆုံးလမ်းတွေထဲကတခုအပါအဝင်ပါပဲ။ ဒါပေမဲ့ အခုလိုကြီးပျက်စီးနေတာကတော့ လုံးဝမကောင်းပါဘူး။ မြို့အင်္ဂါရပ်နဲ့လည်းမညီသလိုပဲ။ ကတ္တရာ ပြန်ခင်း ပြီးသွားရင်တော့ သွားရေးလာရေးပိုကောင်းသွားမှာပါ။” ဟု ဒူကထောင်မိန်းလမ်းမကြီးကို နေ့စဉ်အသုံးပြုနေသော ဒေါ်ဒွဲဘူကပြောသည်။
- သို့သော်လက်ရှိမှာ ယင်းလမ်းကို မည့်သည့်အချိန်တွင် စတင်အကောင်ထည်ဖေါ် ပြုပြင်ခင်းကျင်း ပေးမည်ဆိုသည်ကို မသိရှိရသေးသည့်အတွက် ဒေသခံများမှာ ယခုကဲ့သို့ သွားလာရေး ဘယ်အချိန်ထိ ရင်ဆိုင်နေရအုံးမည်ကို တွေးရင်း မျှော်နေရသည်။
- ထို့ကြောင့် ယခုလက်ရှိ ယင်းလမ်းကို ချိုင့်ခွက်များ၊ ကားကြပ်တည်းမှု၊ ကား၊သုံးဘီး၊ ဆိုင်ကယ်များနှင့် ရှုပ်ထွေးနေပြီး ရင်တထိတ်ထိတ်နှင့် သွားလာလုပ်ကိုင်နေရသည့်အဖြစ်ကို နေ့စဉ်အသုံးပြုသွားလာနေ သော ဒေါ်ဒွဲဘူက “မုန့်လင်ပြားဒယ်အိုးထဲမှာ ဆိုင်ကယ် စီးနေရသလိုပဲ။” ဟု ပြောသည်။




Comments
Post a Comment