မြစ်ကြီးနားပညာရေးကောလိပ်တို့ လျှောက်ထားသူ ၅ရက်အတွင်း ၈၀၀ခန့်ရှိ
မြစ်ကြီးနားပညာရေးကောလိပ်တို့ လျှောက်ထားသူ ၅ရက်အတွင်း ၈၀၀ခန့်ရှိ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄
- မြစ်ကြီးနားပညာရေးကောလိပ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရန်အတွက် လျှောက်လွှာ ခေါ်ယူမှုကို စက်တင်ဘာလ ၉ရက်နေ့မှ စတင်လက်ခံနေပြီဖြစ်ပြီး စက်တင်ဘာလ ၁၃ရက်နေ့အထိ လာရောက်လျှောက်ထားသူ ဦးရေ (၈၀၀)ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
- “အခုလ ၉ရက်နေ့ကစပြီး လက်ခံဖို့ ကြေငြာထားတာပါ။ ဒါပေမဲ့ ရုံးပိတ်ရက်ခံနေလို့ (၁၁)ရက်နေ့ ကစပြီး လက်ခံနေတာ။ အမှတ် ကန့်သတ်ချက်မထားပါဘူး။အောင်ရင်ရပါပြီ။” ဟု စီမံရေးရာဌာနမှူး ဆရာကြီးဦးဆောင်ထန့် ကပြောသည်။
- မြစ်ကြီးနားပညာရေးကောလိပ် ဝင်ခွင့်ရရှိကာတက်ရောက်မည့် ကျောင်းသူ/သားများအနေနှင့် (၂)နှစ်ကြာ ပညာသင်ကြားရမည်ဖြစ်ပြီး ထူးချွန်ကျောင်းသားများမှာစစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ဆက်လက် ဆက်ရောက်ခွင့်ရရှိမည်ဖြစ်ကာ ၄င်းစစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဘွဲ့ရရှိပါက BED ခေါ် အထက်တန်းပြ ဆရာ/မအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည် ဟုသိရသည်။
- “အခုဒီမှာ ဝင်ခွင့်လျှောက်ထားတဲ့သူတွေထဲကမှ ပါတဲ့သူတွေကဒီမှာ(၂)နှစ် ပညာသင်ရမယ်။ အလယ်တန်းပြဖြစ်မယ်။ ဒါပေမဲ့ထူးချွန်ကျောင်းသားတွေကတော့ စစ်ကိုင်းပညာရေးတက္ကသိုလ် ဆက်တက် ခွင့်ရမယ်။ (၃)နှစ်ဆက်တက်ရမယ်။ အဲ့ဒီကဘွဲ့ရရင်တော့ BED ဘွဲ့ရမှာပေါ့။ အထက်တန်းပြဖြစ်မယ်။ ဒီမှာစတက်တဲ့ကျောင်းသူ၊ ကျောင်းသားဘယ်သူမဆို မနက်၊ နေ့လည်၊ ည ထမင်း(၃)နှပ်ကျွေးတယ်။ တစ်ရက် (၁၀၀၀)ပိုက်ဆံထောက်ပံ့ကြေးပေးတယ်။ အဆောင်ရမယ်။ ဒါပေမဲ့ စာမေးပွဲတစ်ခါကျတာနဲ့ အဲ့ဒီထောက်ပံ့မှုတွေအဆောင်နဲ့ ကျွေးမွေးတွေ အားလုံးမရတော့ဘူး။” ဟု ဆရာကြီးဦးဆောင်ထန့်က ဆက်လက်အကြံပြုပြောကြားခဲ့သည်။
- တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေနှင့် မိဘဆွေမျိုးများ၏ တိုက်တွန်းမှုအရ လာရောက် လျှောက်ထားသူများရှိသကဲ့သို့ ဝါသနာအလျှောက် လာရောက်လျှောက်ထားသူများလည်း ရှိကြောင်းသိရသည်။
- “ကျမက မိဘတွေတိုက်တွန်းလို့လည်းမဟုတ်ပါဘူး။ ကိုယ်တိုင်ကဝါသနာပါလို့လာလျှောက်တာပါ။ ဒါပေမဲ့လည်း ဆယ်တန်းအောင်တဲ့အမှတ်နည်းလို့ ပါဖို့ရာမသေချာပါဘူး။ ပါခဲ့ရင်တော့ အရမ်းဝမ်းသာ ရမှာပေါ့လေ။ ဒါပေမဲ့လည်းမပါရင်တော့ တက္ကသိုလ်ပဲဆက်တက်ပါမယ်။ အမှတ်နည်းလို့ ပါဖို့ကတော့ အခွင့်အရေးနည်းပါတယ်။” ဟု နမ္မတီးမြို့မှ မြစ်ကြီးနားပညာရေးကောလိပ်သို့ ဝင်ခွင့်လာရောက်လျှောက် ထားသော ကျောင်းသူမမေသဉ္ဇာထက် ကပြောသည်။
- မြစ်ကြီးနားပညာရေးကောလိပ် ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာလ(၉)ရက်မှ စတင် ထုတ်ယူနိုင်ပြီး လျှောက်ထားနိုင်ကြောင်း ကြေငြာထားသော်လည်းစနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များ ကြားခံနေသည့်အတွက် တနင်္လာနေ့ (၁၁)ရက်နေ့မှ စတင်ထုတ်ပေးကာ လျှောက်လွှာလက်ခံနေပြီး စက်တင်ဘာ(၂၉)ရက်နေ့အထိ လက်ခံမည်ဖြစ်ပြီး လာရောက်လျှောက်ထားသူ ကျောင်းသူ/သားများအနေ နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားရန် သာလိုပြီး အသက်(၂၂)နှစ်မကျော်သူ မည်သူမဆို လျှောက်ထားနိုင်သည် ဟု သိရသည်။
- လျှောက်ထားရာတွင် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ဆယ်တန်းအောင်ကြောင်း ထောက်ခံစာ၊ အမှတ်စာရင်းမိတ္တူ၊ တစ်လအတွင်းရယူထားသော ကျန်းမာကြောင်းထောက်ခံစာနှင့် ခြောက်လအတွင်း ရိုက်ကူးထားသောပတ်စပို့ပုံတို့နှင့် လာရောက်လျှောက်ထားနိုင်သည်ဟု မြစ်ကြီးနား ပညာရေးကောလိပ်မှ တာဝန်ရှိသူများထံမှသိရသည်။




Comments
Post a Comment