မြစ်ကြီးနားမြို့တွင် နေ့စဉ် အစိုးရရုံးဖွင့်ရက်တိုင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဆက်လက် ဖမ်းဆီးအရေးယူကာ အသိပညာများဖြန့်ဝေပေးသွားမည်
မြစ်ကြီးနားမြို့တွင် နေ့စဉ် အစိုးရရုံးဖွင့်ရက်တိုင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဆက်လက် ဖမ်းဆီးအရေးယူကာ အသိပညာများဖြန့်ဝေပေးသွားမည်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၅
- ယာဉ်ထိန်းရဲများမှ နေ့စဉ် အစိုးရရုံးဖွင့်ရက်တိုင်း၌ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဆက်လက် ဖမ်းဆီးအရေးယူကာ အသိပညာများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
- အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ မြစ်ကြီးနားမြို့တွင်းရှိ လူအသွားအလာများသော လမ်းဆုံလမ်းခွ များနှင့် မီးပွိုင့်များ၌ နေ့စဉ် အစိုးရရုံးဖွင့်ရက်များ၌ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဖမ်းဆီး အရေးယူကာ ဒဏ်ငွေဆောင်စေပြီး ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် ဦးထုပ်မဆောင်းခြင်း၏ ဆိုးကျိုးများ ကို အသိပညာများဖြန့်ဝေပေးသွားမည် ဟု ဆိုသည်။
- “ဦးထုပ်မဆောင်းတာပဲ၊ ဖမ်းတာပါ။ တခြားယာဉ်လိုင်စင်တို့ ယာဉ်မောင်းလိုင်စင်တို့တော့ မစစ် သေးပါဘူး။ ဦးထုပ်ဆောင်းဖို့ကိုအရင်ဦးစားပေးလုပ်နေရတယ်။ ဒါတောင် နေ့တိုင်းဖမ်း၊ နေ့တိုင်းမိနေတာပဲ၊ မြို့နေလူထုအားလုံးဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့ အသိပညာရသွားပြီဆိုမှ နောက်တဆင့်အနေနဲ့ ဆိုင်ကယ်လိုင်စင်တို့ လူလိုင်စင်တို့ စစ်ဖို့အဆင့်တက်ရမယ်။ အခုတော့ မြစ်ကြီးနားမြို့နေ လူထုက ဦးထုပ်ဆောင်းဖို့တောင် စည်းကမ်းမလိုက်နာနိုင်သေးဘူး။” ဟု ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ကျော်ကျော်ထွေးက ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဖမ်းဆီးနေစဉ်ပြောသည်။
- ဆိုင်ကယ်စီးနင်းမောင်နှင်စဉ် ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်းမရှိသည့် စီးနင်းသူများကို ဖမ်းဆီး အရေးယူရာတွင် ယခင်ကဆိုင်ကယ်အား ရက်သတ္တပတ်တစ်ပတ် ထိန်းသိမ်းထားပြီး၊ ယခုတွင် ရက်ချိန်းမရှိ တော့ဘဲ ချက်ချင်း တရားရုံး၌ ဒဏ်ငွေဆောင်စေပြီး ချက်ခြင်း ပြန်လွှတ်ပေးသည် ဟု သိရသည်။
- “အရင်ကဦးထုပ်မဆောင်းလို့ ဖမ်းခံရရင် တစ်ပတ်ထိန်းသိမ်းထားတယ်။ နောက်ပေါ်လစီတွေ ပြောင်းလာပြီး၊ အခုဆိုချက်ခြင်းတရားရုံးမှာ ဒဏ်ငွေဆောင်၊ စီမံခန့်ခွဲမှုဒဏ်ငွေကို ယာဉ်ထိန်းရုံးမှာ ထပ်ဆောင်ပြီးရင် ချက်ခြင်းဆိုင်ကယ် ပြန်ယူသွားလို့ရတယ်။ အရင်ကလိုရက်တွေ အကြာကြီးစောင့်စရာ မလိုတော့ဘူး။ ပြည်သူလူထုက ဦးထုပ်မဆောင်းတာဖမ်းရင်တောင် ဖမ်းတိုင်းမိနေတော့ နောက်တဆင့် ဖြစ်တဲ့ ဆိုင်ကယ်လိုင်စင်တို့ လူလိုင်စင်တို့ကို မစစ်နိုင်သေးဘူး။ နောက်တော့မှ တဖြည်းဖြည်းဖြစ်လာမှာပါ။ ဦးထုပ်ကိုလူတိုင်းနီးနီးဆောင်လာပြီဆိုရင် ဆိုင်ကယ်လိုင်စင်တို့ လူလိုင်စင်တို့တွေကို စစ်ဆေးအရေးယူ လာမယ်။ ဦးထုပ်ဆောင်းတယ်ဆိုတာက သူတို့အတွက်ပြောတာပါ။ ဒါကို ပြည်သူကမလိုက်နာချင်တော့ ကျနော်တို့က ဖမ်းဆီးအရေးယူနေရတယ်။” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
- ကချင်ပြည်နယ်၌ ဆိုင်ကယ်စီးစဉ် ဦးထုပ်မဆောင်းသူများကိုယာဉ်ထိန်းရဲမှ ဖမ်းဆီးပြီးလျှင် ချလံ ဖြတ်ကာတရားရုံးသို့ သွားရောက်၍ ဒဏ်ငွေ(၁၀၀၀၀)ဆောင်စေပြီးလျှင် ယာဉ်ထိန်းရုံး၌ စီမံခန့်ခွဲမှု ဒဏ်ငွေ အဖြစ် (၁၀၀၀၀)ကျပ်ဆောင်စေကာ ချက်ချင်း ဆိုင်ကယ်ပြန်ပေးသည် ဟု သိရသည်။
- “တကယ်တော့ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်ဆိုတာ ယာဉ်ထိန်းရဲက ပြောရမှာမဟုတ်ဘူး။ ကိုယ်ကိုတိုင်ကသိပြီးတော့ လိုက်နာရမဲ့ကိစ္စပါ။ ယာဉ်ထိန်းရဲတွေက အမုန်းခံပြီး၊ အပင်ပန်းခံပြီး၊ ကိုယ့်အသက်အန္တရာယ်အတွက် လိုက်လုပ်ပေးနေတာပါ။ နောက်ဆို ဆိုင်ကယ် စီးရင် ဦးထုပ်ဆောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကိုယ့်ပိုက်ဆံလည်း အလကားကုန်ရတယ်။ တခုခုဖြစ်ရင်လည်း ကိုယ်ပဲအသက်အန္တရာယ်ရှိတယ်။ တခြားသူတွေ အားလုံးကိုလည်း ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်။” ဟု ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ အဖမ်းခံရသူ မစုမြတ်ကျော် ကပြောသည်။
- ကချင်ပြည်နယ်၌ ဆိုင်ကယ်စီးနင်းသူများအနေနှင့် ဦးထုပ်မဆောင်းအရေးယူခံရသူများကို ဒဏ်ငွေ ရိုက်သည်မှာ နိုင်ငံတဝန်းလုံးတွင် ထုတ်ပြန်ထားသော ၂၀၁၅ မော်တော်ယာဉ် ဥပဒေအရဒဏ်ငွေအဖြစ် (ယာဉ်မောင်းလိုင်စင်မပါ) (၃၀၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ယာဉ်လိုင်စင်မရှိသော ဆိုင်ကယ်များ အတွက် ယာဉ်လိုင်စင်အတွက် ဒဏ်ကြေးငွေပါ ထပ်မံထည့်ပေါင်းမည်ဆိုပါက (၅၀၀၀၀)ကျပ် ကျသင့်မည် ဖြစ်သော်လည်း ပြည်နယ်အစိုးရမှ ပြည်သူများကိုသက်ညှာသောအားဖြင့် တရားရုံး၌ စည်းကမ်း ဖောက်ဖျက်မှု ဒဏ်ကြေးငွေ (၁၀၀၀၀)ကျပ်သာ ပေးဆောင်စေပြီး၊ စီမံခန့်ခွဲမှုဒဏ်ငွေအဖြစ် ကျပ်ငွေ (၁၀၀၀၀)နှင့် စုစုပေါင်းဒဏ်ငွေ(၂၀၀၀၀)ကျပ်သာ ပေးဆောင်စေသည်ဟုသိရသည်။
- အဆိုပါ ဒဏ်ငွေ(၂၀၀၀၀)ကျပ်၌ စီမံခန့်ခွဲမှု ဒဏ်ငွေ(၁၀၀၀၀)ကျပ်ကို ယာဉ်ထိန်းရုံးမှ ကောက်ခံ ပေးပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ စာရင်ဇယားနှင့်အတူ ပြန်လည်အပ်နှံပေးရကြောင်းသိရသည်။
- ၄င်းအပြင် မော်တော်ယာဉ်များကို စစ်ဆေးရာ၌လည်း မော်တော်ယာဉ်လိုင်စင် စစ်ဆေးခြင်း မရှိသေးဘဲ ယာဉ်မောင်းလိုင်စင်သာ စစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။
- သို့သော် ယခုကဲ့သို့ အသိပညာပေးကာလများကုန်ဆုံးပြီးနောက်ပိုင်းတွင် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။






Comments
Post a Comment