နှစ်လိုဖွယ် မိုးကောင်းမြို့ သီတင်းကျွတ် အခါတော်
နှစ်လိုဖွယ် မိုးကောင်းမြို့ သီတင်းကျွတ် အခါတော်
EPN
- အမြို့မြို့ အရွာရွာတိုင်း သူ့မြို့ သူ့ဓလေ့ရှိကြရာ ကချင်ပြည်နယ် မိုးကောင်းမြို့၏ သီတင်းကျွတ်မှာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဟု ဆိုရစမှတ်ပြုဖွယ်ရာဖြစ်သည်။
- သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပြီးချိန်မှစ၍ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ထိ တစ်မြို့နယ်လုံး ပါဝင်ဆင်နွှဲကြခြင်းဖြစ်သည်။
- ရှေးဘိုးဘွားလက်ထက်မှစ၍ မိဘဘိုးဘွားဆရာသမားများ၏ ဂုဏ်ကျေးဇူးနှင့် ကာယကံ၊ ဝဇီကံ၊ မနောကံ အပြစ်ကြီးအပြစ်ငယ်များ ကျူးလွန်မိသမျှ ကြေပါစေကြောင်း ဦးခိုက်ကန်တော့ကြခြင်း ဖြစ်သည်။
- သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလ ဖြစ်သည်။ သီတင်းဝါလကျွတ်သောလ ဖြစ်၍ သံဃာတော်များ မိမိတို့ ကျောင်းအာရာမ်တွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှ လွတ်မြောက်သောလ ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရား ဟောကြားပြီးဆုံးသည်ကို ရည်စူး၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ကြပြီးရာသီပန်းမှာ ကြာပန်းဖြစ်သည်။
- လပြည့်နေ့၌ မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်း တန်း မီးမြင့်မိုရ်များ ထွန်းညှိကာ မီးပွဲသဘင် ဆင်ယင် ကျင်းပကြသည့်မီးထွန်းပွဲ ဖြစ်သည်။မိုးကောင်းမြို့၌ လပြည့်နေ့တွင်မြို့ပေါ်ရှိ ကျောင်းတိုက်(၂၂)တိုက်မှ ဆရာတော်သံဃာတော် များသည် ဝါစဉ်အလိုက် ထေရ်ကြီးဝါကြီး ဆရာတော်များကို လိုက်လံကန်တော့ကြသည်။
- လပြည့်ကျော်တစ်ရက်နေ့မှစ၍ မြို့ပေါ်ရှိ ဒါကာ/ဒါကာမများမှ ကျောင်းတိုက်(၂၂)တိုက်နှင့် စေတီကိုးဆူသို့ အုန်းငှက်ပျောပွဲများဖြင့် သွားရောက်ပူဇော်ကန်တော့ကြကာ ကျောင်းတိုက်တိုင်းမှ ပြန်လည် ဧည့်ခံသော အကျွေးအမွေးများကို အစုအဖွဲ့လိုက် ကန်တော့စားသောက်ကြသည်မှာ ပျော်စရာ အတိ ဖြစ်သည်။
- ထို့ကြောင့် လပြည့်ကျော်တစ်ရက်နေ့သည်"မြို့ပေါ်ကန်တော့နေ့"ဟု သတ်မှတ်ထားသည်။ လပြည့် ကျော် နှစ်ရက်နေ့ ဒုတိယနေ့တွင် တောကိုးရွာဖြစ်သော သံလမ်းအရှေ့(၄) ရွာသံလမ်းအနောက်(၅)ရွာမှ တပည့်ဒကာဒကာမများက မြို့ပေါ်ကျောင်းတိုက်များရှိ ဆရာတော်သံဃာတော်များကို လာရောက် ကန်တော့ကြကာ ကျောင်းတိုက်များမှလည်း အကျွေးအမွေးများဖြင့် ပြန်လည်ဧည့်ခံကြသည်။
- ထို့ကြောင့် လပြည့်ကျော်နှစ်ရက်နေ့သည် "တောကိုးရွာကန်တော့နေ့"ဖြစ်သည်။ လပြည့်ကျော်(၃) ရက်နေ့တွင် သံလမ်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၄)ရွာနှင့် သမိုင်းဝင်ရွှေဝက်တိုးဘုရားသို့ မြို့ပေါ်မှ ကားဆိုင်ကယ်ထောလာဂျီတုန်ဖုန်းစသည်တို့နှင့် အစုအဖွဲ့လိုက်သွားရောက်ကန်တော့ရင်း ကျေးရွာ ကျောင်းများမှ ကျွေးမွေးသော အစားအသောက်များကို တစ်ပျော်တစ်ပါး စားသုံးကြကာ မိတ်သစ်ဆွေသစ် ရရှိသူများလည်း ရှိသည်။
- ထို့ကြောင့် လပြည့်ကျော်(၃)ရက်နေ့သည် "သံလမ်းအရှေ့ခြမ်းရွာကန်တော့နေ့"ဖြစ်သည်။ လပြည့် ကျော်(၄)ရက်နေ့သည် သံလမ်းအနောက်ခြမ်းကျေးရွာများနှင့် မိုးကောင်းမြို့ဟောင်းရှိ ဘုန်းတော်ကြီး ကျောင်းသို့ မြို့ထဲလူမကျန်ရစ်လောက်အောင် သွားရောက်ကန်တော့ကြရာ ကျေးရွာကျောင်းများမှ ကျွေးမွေးသော အစားအသောက်များကို တခုတ်တရစားသုံးကြသည်။
- မမေ့နိုင်ဖွယ်ရာ ရွာဟင်းထမင်းမှာ မျှစ်ချဉ်နှင့် ဝက်သား၊ ဘာလချောင်ကြော်၊ တောအုန်းဟင်းရည်၊ မယ်ဇလီပြွန်းဟင်းချိုရည်ဖြစ်သည်။
- ထို့ကြောင့် လပြည့်ကျော်(၄)ရက်နေ့သည် "သံလမ်းအနောက်ခြမ်းကျေးရွာများ ကန်တော့နေ့" ဖြစ်သည်။
- လပြည့်ကျော်(၅)ရက်နေ့ နောက်ဆုံးနေ့သည် တောရောမြို့ပေါ်ရှိ ဒါကာ/ဒါကာမများမှ ဝေဘူလတောင်ပေါ်ရှိ ဘုရားများကို ဖူးမျှော်ကန်တော့ခြင်းဖြစ်သည်။
- တောင်ပေါ်သို့ တစ်ပျော်တစ်ပါးစနောက်တက်ကြရင်း တောင်ပေါ်ကျောင်းများမှ ဧည့်ခံသော အစားအသောက်များကို မောလိုက်စားလိုက်နှင့် မမေ့နိုင်စရာပင်ဖြစ်သည်။
- ထို့ကြောင့် လပြည့်ကျော်(၅)ရက်နေ့သည်"တောင်ပေါ်နေ့"အဖြစ်ယနေ့ထက်တိုင်ဓလေ့ဆန်းနဲ့ မိုးကောင်းမြို့သီတင်းကျွတ်ကို အစဉ်အလာမပျက်အမွေဆက်ခံ ထိန်းသိမ်းကျင်းပလျှက်ရှိသည်။






Comments
Post a Comment