စတုတ္ထအကြိမ်မြောက် မိုးကောင်းမြို့လုံးဆိုင်ရာ လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲကျင်းပ
စတုတ္ထအကြိမ်မြောက် မိုးကောင်းမြို့လုံးဆိုင်ရာ လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲကျင်းပ
EPN
မိုးကောင်းမြို့၊ စက်တင်ဘာ ၁၃
- စတုတ္ထအကြိမ်မြောက် မိုးကောင်းမြို့လုံးဆိုင်ရာ လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာရွှေသာ လျောင်းဘုရားအာရုံခံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
- ရှေးဦးစွာ တက်ရောက်လာကြသူများက တောင်ကျောင်းတိုက်ဆရာတော် ဘဒန္တဇောတိကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ပစ္ဆိမာရုံကျောင်းတိုက် ဆရာတော် ဘဒန္တသာသနကသြဝါဒချီးမြှင့်တော်မူခဲ့သည်။
- မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်က လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် အမျိုးသားရေးရှုထောင့် အမျိုးဘာသာ သာသနာရှုထောင့်များမှကြည့်လျှင် လူငယ် များအတွက် ယဉ်ကျေးလိမ္မာစိတ်ဓာတ်များ ဗုဒ္ဓဓမ္မအသိအမြင်များထွန်းကားပြန့်ပွားစေကြောင်း သြဝါဒ ချီးမြှင့်ရာ၌ အကျယ်တဝင့်ထည့်သွင်းမိန့်ကြားသွားသည်။
- ထို့နောက် အခမ်းအနားအစီအစဉ်အရ ပြိုင်ပွဲအတွက် ငွေကျပ်ငါးသိန်းတန်ဖိုးရှိစာအုပ်များနှင့် ငွေ ကျပ်ခြောက်သိန်းရှိ တဘက်များလှူဒါန်းခြင်း၊ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး ပင့်သံဃာတော်များက ပရိတ်တရားတော်များ သံပြိုင်ရွတ်ပွားချီးမြှင့်ကာ ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။
- ပြိုင်ပွဲသို့ ရပ်ကွက်ကျေးရွာများမှ လူငယ်ဝတ်ရွတ်အသင်း ၁၆ သင်း ပါဝင်ပူဇော်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်အထိ ပြုလုပ်သွားမည်ဟုသိရသည်။


Comments
Post a Comment