ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်

ထာဝရ ငြိမ်းချမ်းရေး သတင်းကွန်ရက်
မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ AH1N1(Positive)ရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦးကို အထူးကြပ်မှတ်ကုသပေးလျှက်ရှိ


EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၅
မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ AH1N1(Positive)ရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦးကိုအထူးကြပ်မှတ်ကုသပေး
လျှက်ရှိပြီးစိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ Seasonal Influenza AH1N1 (Positive) ဝေဒနာရှင် အမျိုးသမီး တစ်ဦး ဆေးဝါးကုသမှုခံယူနေပြီး စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်း သိရပြီး အဆိုပါ ဝေဒနာရှင်အမျိုးသမီးမှာ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ခုမှဖြစ်ပြီး ဖျားနာခြင်းကြောင့် ဆေးရုံတက်ရောက် ကုသနေရာမှ AH1N1 ဖြစ်ပွား နိုင်ချေရှိသည် ဟု သံသယရှိသောကြောင့် စက်တင်ဘာလ(၃)ရက်နေ့၌ ရန်ကုန် အမျိုးသားဓါတ်ခွဲခန်းသို့ သွေးနမူနာ ပေးပို့စစ်ဆေးခဲ့ရာ ၄င်းနေ့ညပိုင်း၌ပိုးတွေ့ရှိကြောင်း အဖြေရရှိခဲ့သည်ဟု သိရသည်။
ယခုအခါ အဆိုပါ ဝေဒနာရှင်လူနာ အမျိုးသမီးကို သမားတော်ကြီးကိုယ်တိုင် ကြပ်မတ်ကုသပေးနေပြီး စိုးရိမ် ဖွယ်ရာမရှိတော့ကြောင်း၊ လူနာ၏မိသားစုများကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်တိုင်ရာရောက် သွားရောက်ကာ ကျန်းမာရေးစစ်ဆေးပေးမှုများ ပြုလုပ်ပေးခဲ့ပြီး အိမ်သားများအနေနှင့် ဖျားနာခြင်းမရှိစေရေးကိုလည်း စောင့်ကြပ်ကြည့်ရှုပေးနေကြောင်း သိရသည်။
“ကျနော်တို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာပေးတယ်။ ကုသရေးဦးစီးဌာနက သံသယရှိတဲ့ လူနာတွေကို စောင့်ကြည့်တယ်။ သံသယရှိတဲ့လူနာဆိုတာကရာသီတုတ်ကွေးနဲ့
ပတ်သက်ပြီး သာမန်အဆင့်ရှိတဲ့ လူနာနဲ့ ပြင်းထန်အဆင့်ရှိတဲ့လူနာဆိုပြီး ပြင်ပလူနာအနေနဲ့ ကုသပေးတာရှိသလို ဆေးရုံတက်ခိုင်းပြီး အတွင်းလူနာ အနေနဲ့ ကုသပေးတာတွေရှိတယ်။ အဲ့ဒီမှာမှ ရာသီတုတ်ကွေးရောဂါ ပြင်းထန်းဆိုရင် အသက်ရှူလမ်းကြောင်း ပိုးဝင် ဆိုပြီး သံသယရှိရင် ကျနော်တို့ဆီမှာ စမ်းသပ်စစ်ဆေးတယ်။ စစ်ဆေးလို့ Positive ဆိုရင် ရန်ကုန် အမျိုးသား ဓါတ်ခွဲ ခန်းကို ပို့ပြီးဓါတ်ခွဲစစ်ဆေးတယ်။ အခုလောလောဆယ် စက်တင်ဘာလ(၃)ရက်နေ့ကဖြစ်တဲ့ မြစ်ကြီးနားဆေးရုံကြီးက လူနာဆေးရုံတက်ပြီး
ကုသနေတယ်။ သမားတော်ကြီးကလည်း ကြပ်မတ်ကုသပေးနေတယ်။ လူနာရဲ့ဓါတ်ခွဲခန်း နမူနာပေးပို့စစ်ဆေးခဲ့တယ်စက်တင်ဘာ(၃)ရက် ညနေမှာပဲ အမျိုးသားဓါတ်ခွဲခန်းက စစ်ဆေးလို့ရတဲ့အဖြေက Positive ဖြစ်တယ်ဆိုပြီး အဖြေရခဲ့တယ်။ လူနာကတော့ ဆေးရုံမှာကုသနေတာ သက်သာသလောက်
လည်း ဖြစ်နေပါပြီ။ အဲ့ဒီတော့ ကျနော်တို့ ပြည်သူ့ကျန်းမာရေးဌာနက သူတွေမနေ့က လူနာရဲ့အိမ်ကိုသွားပြီး မိသားစုအားလုံးကို ဆောင်ရန်ရှောင်ရန်တွေ ဂရုစိုက်ရမဲ့ဟာတွေ သွားပြောပြပြီး၊ လူနာရဲ့မိသားစုတွေ အဖျားအနာရှိမရှိ သတင်းသွားယူခဲ့ပါတယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင် ကပြောသည်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ H1N1 (Positive)ဝေဒနာရှင်များ တွေ့ရှိရသော်လည်း ကချင် ပြည်နယ်၌ အဆိုပါ ရောဂါလက္ခဏာ ဝေဒနာရှင်တွေ့ရှိရမှုမှာ ယခုလူနာသည် ပထမဆုံးဖြစ်ပြီး၊ လူနာသည် အသက် အရွယ်ကြီးနေသည်က တကြောင်း အခြားဘက်တီးရီးယားပိုး တစ်မျိုးတွေ့ရှိရသည်ကတကြောင်းကြောင့်ဆေးဝါးနှစ်မျိုး ကုသနေရသည်ဟုဆိုသည်။
မြစ်ကြီးနားဆေးရုံကြီး၌ တက်ရောက်ကုသနေသော လူနာအမျိုးသမီး တစ်ဦးအပြင် ဖားကန့်မြို့နယ်မှ ကလေးငယ်တစ်ဦးသည်လည်း မန္တလေးကလေးဆေးရုံကြီး၌ H1N1 ရောဂါပိုးတွေ့ရှိရပြီး ဆေးဝါးကုသနေသည်ဟု သိရသည်။
မြစ်ကြီးနားဆေးရုံကြီး၌ ကုသနေသော လူနာအမျိုးသမီးနှင့် မန္တလေးကလေးဆေးရုံကြီး၌ တက်ရောက်ကုသ မှု ခံယူနေသော ဖားကန့်မြို့နယ်မှ ကလေးငယ်တစ်ဦး အပါအဝင် ကချင်ပြည်နယ်မှ H1N1(Positive) ဝေဒနာရှင်နှစ်ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ဆီမှာ လူနာတစ်ယောက်တွေ့တယ်။ သေဆုံးမှုတော့ မရှိသေးဘူးလို့ပြောရပါမယ်။ နောက်တစ် ယောက်တော့ ရှိတယ်။ အဲ့ဒါက ဘယ်မှာလဲဆိုတော့ ဖားကန့်မှာပေါ့။ အဲ့ဒီကလေးက မန္တလေးကလေးဆေးရုံမှာ တက်ရောက်ကုသနေတယ်။မန္တလေးကလေး
ဆေးရုံကစစ်လိုက်တော့AH1N1(positive)ရှိ
တယ်ဆိုပြီး တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ ကျန်းမာရေးဌာနက လူနာကလေးရဲ့ ရွာကိုသွားပြီးသူ့ပတ်ဝန်းကျင်မှာဖျားနာတဲ့သူရှိ
မရှိ စစ်ဆေးတယ်။ ရှိရင်တခြားသူတွေကို မကူးစက်အောင်လို့ဘယ်လိုနေထိုင်ရမယ်ဆိုတာ အသိပညာပေးတာတွေ သွားလုပ်ခဲ့ပါတယ်။ အဲ့ဒီနည်းနဲ့ကူးစက်မှုနည်းအောင် လုပ်ရတာပေါ့။ တနိုင်ငံလုံး ဒီလိုလုပ်ခဲ့လို့ ဒီရောဂါကူးစက်မှုကို နှိမ်နင်းနိုင်ခဲ့တယ်လို့ပြောရပါမယ်။” ဟု ဒေါက်တာဝင်းလွင်ကဆက်လက်ပြောကြား
သည်။
မြစ်ကြီးနားမြို့ ဒေသခံများအနေနှင့်လည်း H1N1 ရောဂါပိုးဆေးရုံကြီး၌ တွေ့ရှိသည်ဟု ကြားရသည့်အတွက် အလွန်ထိတ်လန့်ကာ ကြောက်ရွံ့မိကြောင်း၊ သို့သော် ယခုအခါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှိမ်နင်းလိုက်နိုင်ပြီ ဖြစ်သောကြောင့် စိုးရိမ်မှုအနည်းငယ် လျှော့ကျသွားသော်လည်း လူထူထပ်သောနေရာများသို့ သွားလာခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို ဂရုတစိုက်ပြုလုပ်နေရသေးကြောင်းနှင့် အခြားသော ကျန်းမာရေးဗဟုသုတ နည်းပါး သူများကိုလည်း ဂရုစိုက်ကြရန်၊ ဆောင်ရန်ရှောင်ရန်များကို ကျန်းမာရေးဌာနမှ ဆက်လက်တိုက်တွန်း အသိပညာပေး စေလိုသည်ဟုဆိုသည်။
“ကျမတို့က မြစ်ကြီးနားမှာ ရောဂါပိုးတွေ့တယ်ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းတောင်မသိဘူး၊ ဖြစ်သွားတယ်။ ကြောက်တာပေါ့လေ။ အခုတော့ ကျန်းမာရေးဌာနက နှိမ်နင်းနိုင်လိုက်ပြီဆိုတော့ စိတ်သက်သာရာရတာပေါ့။ အရမ်း တော့ မစိုးရိမ်ရတော့ဘူးပေါ့လေ။ ဒါပေမဲ့ ကိုယ့်ဟာကို တကိုယ်ရေသန့်ရှင်းမှုနဲ့ လက်ဆေးတာတို့ နှာချေချောင်းဆိုးရင် အုပ်ပြီးဆိုးပါတို့ဆိုတာ
တွေကတော့အမြဲတမ်းဂရုစိုက်ရမဲ့အရာတွေလိုပဲ
မြင်တယ်။ လူထူတဲ့နေရာတွေတော့ သိပ် မသွားရဲသေးဘူး။ နောက်တခု ပြောချင်တာက ကျန်းမာရေးဌာနအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကိုမသိသေးတဲ့သူ
တွေရှိသေးတဲ့အတွက်ဆက်ပြီးအသိအညာပေးတာတွေ လုပ်ပေးပါဦးလို့ တိုက်တွန်းချင် တယ်” ဟု မြစ်ကြီးနားမြို့မှ ဒေါ်ရွယ်ဂျီး ကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ(၂၁)ရက်နေ့မှ စက်တင်ဘာလ (၃)ရက်နေ့အထိ ထုတ်ပြန် ချက်အရ တစ်နိုင်ငံလုံး၌ H1N1 ကြောင့်သေဆုံးသူဦးရေ ဧရာဝတီတိုင်းဒေသကြီးတွင် (၁၂)ဦး၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် (၆)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် (၈)ဦးနှင့် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် (၁၀)ဦး စုစုပေါင်း (၃၆)ဦး အထိရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားကြောင်းသိရသည်။
H1N1 ရောဂါကြိုတင်ကာကွယ်ရန် ပြည်သူများအနေနှင့် မကြာခဏ လက်ဆေးကြရန်၊ လူထူထပ်သော နေရာများကို သွားလာခြင်းမှ အတတ်နိုင်ဆုံးရှောင်ကျဉ်ကြရန်၊ နှာချေ၊ချောင်းဆိုးပါက လက်ကိုင်ပဝါ(သို့)တစ်ရှူးကို အသုံးပြုကြရန်၊ တုတ်ကွေးရောဂါဖြစ်ပွားနေသူနှင့် နီးကပ်စွာနေထိုင်ခြင်းမှ တတ်နိုင်သမျှ ရှောင်ကျဉ်ကြရန်၊ နှာခေါင်း စည်း mask အား အသုံးပြုကြရန်နှင့် အသုံးပြုပါကလည်း စနစ်တကျ အသုံးပြုကြရန် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
ဘရန်ဆိုင်း





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ